Trending Now

ချောင်းရေကြီးမှုကြောင့် မြစ်ကြီးနား-ပူတာအိုသွားလမ်းရှိ ပျက်ဆီးသွားသည့် တံတားတစ်စင်း ၅ ရက်ကြာသည့်အထိ မပြုပြင်သေးသည့်အပြင် ဆုံးရှုံးခဲ့ရသည့် လယ်ဧက ၁၀၀ နီးပါးအထိ ရှိလာ

Spread the love

ချောင်းရေကြီးမှုကြောင့် မြစ်ကြီးနား-ပူတာအိုသွားလမ်းရှိ ပျက်ဆီးသွားသည့် တံတားတစ်စင်း ၅ ရက်ကြာသည့်အထိ မပြုပြင်သေးသည့်အပြင် ဆုံးရှုံးခဲ့ရသည့် လယ်ဧက ၁၀၀ နီးပါးအထိ ရှိလာ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၁၆

ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအိုသွားလမ်းတွင် ဩဂုတ် ၁၂ ရက်က ချောင်းရေကြီးမှုကြောင့် ပျက်ဆီးသွားသည့် တံတားတစ်စင်း ၅ ရက်ကြာသည့်အထိ မပြုပြင်ရသေးသည့်အပြင် ယင်းနေ့ကမိုးရွာသွန်းမှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့် လယ်ဧကများစွာရှိနေကြောင်း သိရသည်။

ပျက်ဆီးသွားသည့် တံတားမှာ ဆွမ်ပီယန်ကျေးရွာအလွန်ရှိ မိုင်တိုင် အမှတ် ၁၇၂ “ဆင်နီခ” ကွန်ကရစ် တံတားဖြစ်ပြီး သြဂုတ်လ ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ခြင်းဖြစ်သည်။

အဆိုပါတံတားမှာ ပူတာအို- မြစ်ကြီးနားလမ်းပိုင်းပေါ်တွင်တည်ရှိပြီး ခရီးသည်များနှင့် ဒေသခံများအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြုပြင်နိုင်ခြင်းမရှိသည့်အတွက် တံတားဘေး ချောင်းအတွင်းမှ ဖြတ်သန်းသွားလာနေရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

အလားတူ ချောင်းရေကြီးမှုကြောင်း လုံရှန်ယန်ရွာရှိ လယ်စပါးဧက(၁၀၀)နီးပါးမှာ ရေလွမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး ချောင်းရေတိုက်စားခြင်းကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“အဲ့နေ့ကမိုးရွာပြီးချောင်းရေကြီးတော့ လယ်စပါး ဧက(၁၀၀)ဝန်းကျင်လောက် ပျက်ဆီးသွားတယ်၊ တစ်ချို့တွေတော့ ရသလောက်ပြန်ပြုပြင်ကြပေမဲ့ ပုံမှန်အတိုင်းလိုတော့ဘယ်ရနိုင်တော့မလဲ၊အခုချိန်က ခက်ခဲနေတဲ့အချိန်လည်းဖြစ်တယ် အဲ့ထဲမှာ ဒီလိုတွေဖြစ်တော့ ဘယ်သူမှ စိတ်မကောင်းကြဘူး၊ အဓိက စပါးစိုက်ပြီးလုပ်စားကြတာဒီရွာကလူတွေအားလုံးက အခုတော့မျှော်လင့်ချက်တွေမရှိတော့ဘူးလေ”ဟု စပါးစိုက် တောင်သူတစ်ဦးက ပြောဆိုသည်။

လုံရှန်ယန်ကျေးရွာမှာ မြစ်ကြီးနား-ပူတာအိုသွားလမ်းပေါ်တွင်တည်ရှိပြီး လူဦးရေ(၅၀၀၀)နီးပါး နေထိုင်ကြသည့် ကျေးရွာ တစ်ရွာဖြစ်ကြောင်းသိရသည်။လုံရှန်ခချောင်းရေကြီးမှုမှာ နှစ်စဉ် ဖြစ်ပွားခြင်းမဟုတ်ပဲ ဆယ်နှစ်တွင် တစ်ကြိမ်ခန့်သာ ယခုလို ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။