Trending Now

လေယာဉ်ပျက်ကျပြီး ရက်အတော်ကြာအထိ မိခင်ဖြစ်သူအသက်ရှင်နေခဲ့ကြောင်း ကိုလံဘီယာ ကလေးငယ်ပြော

Spread the love

လေယာဉ်ပျက်ကျပြီး ရက်အတော်ကြာအထိ မိခင်ဖြစ်သူအသက်ရှင်နေခဲ့ကြောင်း ကိုလံဘီယာ ကလေးငယ်ပြော

EPN
နိုင်ငံတကာ၊ ဇွန် ၁၂

ကိုလံဘီယာလေယာဉ်ပျက်ကျမှုကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မွေးချင်း(၄)ဦးအနက် အကြီးဆုံးဖြစ်သူက ဒဏ်ရာရရှိထားတဲ့ မိခင်ဖြစ်သူဟာ ရက်အတော်ကြာအသက်ရှင်နေခဲ့တယ်လို့ မိသားစုကိုပြောကြားခဲ့ပါတယ်။

အမေဇုန်တောနက်ထဲမှာ ရက်ပေါင်း ၄၀ ကျော် ခက်ခဲပင်ပန်းစွာ ရှင်သန်ခဲ့ရတဲ့ ကလေး ၄ ယောက်အနက် အကြီးဆုံးကလေးဖြစ်သူက “လေယာဉ်ပျက်ကျပြီး ၄ ရက်အကြာအထိ မိခင်ဖြစ်သူ အသက်ရှင်နေခဲ့ကြောင်းပြောပြခဲ့တယ်”လို့ ကလေးတွေရဲ့ ဖခင်ဖြစ်သူ မန်နွယ် က ပြောပါတယ်။

“သူမမသေခင်မှာ မိခင်က သူတို့ကို “သွားပါ” လို့ ပြောခဲ့တာဖြစ်နိုင်တယ်၊ ကလေးတွေ အသက်ရှင်ဖို့ အပျက်အစီးနေရာကို ထားခဲ့ဖို့ သူတို့ကို တောင်းဆိုခဲ့ပုံပါပဲ။ အသေးစိတ်ကိုတော့ ကလေးက မပြောနိုင်သေးပါဘူး။” လို့ မန်နွယ်က ပြောပါတယ်။

သူတို့ရဲ့ မိခင်နဲ့အတူ စီးနှင်းလိုက်ပါလာတဲ့ Cessna လေယာဉ်ငယ်ဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မေလ ၁ ရက်နေ့ အစောပိုင်းက ပျက်ကျသွားခဲ့ပြီး မိခင်ဖြစ်သူနဲ့ အခြားလူကြီးနှစ်ဦး သေဆုံးခဲ့ပါတယ်။

“ကလေးတွေက ကောင်းကောင်းမစားဘဲ ရက်ပေါင်း ၄၀ ကြာသွားတဲ့အတွက် သူတို့ကို မေးရတာ မလွယ်ပါဘူး၊ ဒါကြောင့် ဘယ်လို့ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ချက်ချင်းအဖြေပေးဖို့ မဖြစ်နိုင်ပါဘူး။” လို့ မန်နွယ် က သတင်းထောက်တွေကို ပြောပါတယ်။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အသက် ၁၃၊ ၉၊ ၄၊ ၁နှစ်အရွယ်ရှိတဲ့ မောင်နှမလေးယောက်ကို သောကြာနေ့မှာ ကိုလံဘီယာစစ်တပ်က ကယ်တင်နိုင်ခဲ့ပြီး သူတို့ရင်ဆိုင်ခဲ့ရတဲ့ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်စိတ်တစ်ပိုင်းကို မိသားစုနဲ့အတူ မျှဝေခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကလေးငယ်တွေဟာ ဆေးကုသမှုခံယူနေရပြီး ဆိုးရွားတဲ့အဖြစ်အပျက်တွေကြောင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်စွာ ပြန်လည်တည်ဆောက်နိုင်ဖို့ အချိန်လိုအပ်တယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။

ရှာဖွေရေးအဖွဲ့မှာပါဝင်ခဲ့တဲ့ ဟင်နရီက “ကလေးငယ်တွေကို အဝတ်အစား၊ မျက်နှာသုတ်ပုဝါ၊ ဓာတ်မီးတစ်လက်၊ ဆဲလ်ဖုန်းနှစ်လုံး၊ ဆိုဒါပုလင်းတစ်လုံးပါရှိတဲ့ အိတ်ငယ်နှစ်လုံးကို တွေ့ခဲ့ရတယ်”လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဆိုဒါပုလင်းကို တောထဲမှာ ရေသောက်ဖို့ အသုံးပြုခဲပုံရပြီး ကလေးငယ်တွေကို ကယ်ဆယ်ပြီးချိန်မှာ သူတို့က “ဗိုက်အရမ်းဆာတယ်” လို့ ညည်းညူနေခဲ့ကြောင်း ဟင်နရီက ဆက်ပြောပါတယ်။

ကလေးငယ်ရဲ့ ဦးလေးဖြစ်သူ ဖီဒန်ဆိယို က ကလေးငယ်တွေဟာ “မြွေတွေ၊တိရိစ္ဆာန်တွေနဲ့ ခြင်တွေ ပြည်နက်နေတဲ့ တောထဲမှာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် သစ်ပင်ပင်စည်တွေကြားမှာ ပုန်းအောင်းနေခဲ့ကြတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကလေးငယ်တွေက စကားစတင်ပြောဆိုနိုင်ပြီဖြစ်ပေမယ့် အစားအသောက် အနည်းငယ်သာ စားနိုင်သေးတဲ့အတွက် ပင်ပန်းနွမ်းနယ်နေကြတယ်လို့လည်း ဖီဒန်ဆိယို က ပြောပါတယ်။

ကလေးငယ်တွေဟာ အန္တရာယ်များတဲ့ အမေဇုန်တောနက်ထဲမှာ ပီလောပီနံမှုန့်နဲ့ အသီးအနှံ့အချို့ကိုသာ စားသောက်ပြီး အသက်ရှင်ခဲ့ကြကြောင်း မိသားစုဝင်တွေနဲ့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

လေယာဉ်ပျက်ကျချိန်မှာ ကလေးတွေဟာ အမေဇုန် ရွာဖြစ်တဲ့ Araracuara ကနေ San Jose del Guaviare မြို့ကို မိခင်နဲ့အတူ ခရီးထွက်ခဲ့ကြတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

သမ္မတ ဂူစတာဗို ပီထရို၊ အစိုးရနဲ့ စစ်ဘက်အရာရှိတွေအပြင် မိသားစုဝင်များက စနေနေ့မှာ ကလေးငယ်တွေ ဆေးကုသမှုခံယူနေတဲ့ ဘိုဂိုတာမြို့က စစ်ဘက်ဆိုင်ရာ ဆေးရုံးကိုသွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံအတွင်း ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ အစိုးရဟာ ကလေးငယ်တွေကို ရှာဖွေဖို့အတွက် စစ်တပ်နဲ့ ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။