Trending Now

ဝှေခါကျေးရွာအနီးမှ တိုက်ပွဲရှောင် ဒေသခံများအတွက် စားနပ်ရိက္ခာများ အရေးတကြီးလိုအပ်

Spread the love

ဝှေခါကျေးရွာအနီးမှ တိုက်ပွဲရှောင် ဒေသခံများအတွက် စားနပ်ရိက္ခာများ အရေးတကြီးလိုအပ်

EPN
မြစ်ကြီးနား ၊ ဇန်နဝါရီလ ၉ ရက် (၂၀၂၃)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး တပ်မတော်နှင့် KIA ၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအနေဖြင့် စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ နေရာထိုင်ခင်းများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း တိုက်ပွဲရှောင်များအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

တိုက်ပွဲများ ဖြစ်ပွားမှုများကြောင့် ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်ကာ ဝှေခါကျေးရွာအနီးတစ်ဝိုက်ရှိ ဒေသခံများမှာ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ကျောင်းများ၊ ဆွေမျိုးအိမ်များသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စုစုပေါင်းလူဦးရေ ၂၀၀၀ ကျော် တိုက်ပွဲရှောင်နေရကြောင်း၊ ယင်း တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ နေရာထိုင်ခင်းများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း တိုက်ပွဲရှောင်များအရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

” ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး ဝှေခါရွာအနီးမှာရှိတဲ့ တပ်မတော် စခန်းတစ်ခုကို KIA / PDF ပူးပေါင်းအဖွဲ့တို့က လာတိုက်ကြတာ။ လက်နက်ကြီးတွေနဲ့လည်းပစ်၊ သေနတ်တွေလဲပစ်တော့ ဒေသခံတွေက ကြောက်ကြတာပေါ့။ ၇ ရက်နေ့လောက်ကစပြီး ပြေးလာကြတာ အခုဆို ၂၀၀၀ ကျော်မှာ ရှိနေပြီ ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် တိုက်ပွဲရှောင်ပြည်သူများမှာ ဖားကန့်မြို့ဆိပ်မူကျေးရွာရှိ စိမ်မြသုခကျောင်းတိုက်၊ ဆိုင်း‌‌တောင်နှစ်ခြင်းဘုရားကျောင်း၊ လုံးခင်းကျေးရွာရှိ မေဓိကာရာမကျောင်းတိုက်များတွင် နေထိုင်နေကြကြောင်း၊ ယင်းတိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ နေရာထိုင်ခင်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။

တပ်မတော်နှင့် KIA / PDF ပူးပေါင်းအဖွဲ့တို့ကြား ဇန်နဝါရီလ ၆ ရက်နေ့က စတင်ကာ ယနေ့အချိန်ထိ ရံဖန်ရံကာ လက်နက်ကြီး ပစ်ခတ်မှုများ ကြားနေရကြောင်း ဖားကန့်မြို့နေ ဒေသခံများထံမှ သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။