Trending Now

မြစ်ကြီးနားမြို့တွင် ရေခဲသေတ္တာ SAFEGUARD အပူလွန်ကဲရာမှ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့တွင် ရေခဲသေတ္တာ SAFEGUARD အပူလွန်ကဲရာမှ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ (ဇူလိုင် ၂၇ ရက်နေ့)၊ နံနက် (၉) နာရီ အချိန်ခန့်က အင်ဂျန်ဒုံရပ်ကွက်၊ နေအိမ်တစ်လုံးတွင် ရေခဲသေတ္တာ SAFEGUARD အပူလွန်ကဲရာမှ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အင်ဂျန်ဒုံရပ်ကွက်၊ နယ်မြေ (၇) အတွင်းရှိ နေအိမ်တစ်လုံးတွင် အိမ်ရှင်များအပြင်သွားစဉ် သွယ်ဆက်ထားသည့် ရေခဲသေတ္တာ SAFEGUARD အပူလွန်ကဲရာမှ အနီးရှိထရံသို့ မီးကူးစက်ကာ လောင်ကျွမ်းခဲ့့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

” မနက်ပိုင်း အိမ်ရှင်တွေက စျေးသွားနေကြတာ။ ရေခဲသေတ္တာ သွယ်ထားတဲ့ ကပ်တောက်က အပူလွန်ပြီး လောင်တာပဲ။ အိမ်ကလဲ ထရံနဲ့ဆိုတော့ မီးလောင်မြန်တယ်။ ရပ်ကွက်နေသူတွေကလည်း အမြန်ပဲ ငြိမ်းသတ်ပေမဲ့ မီးကများတော့ မီးမထိန်းနိုင်ခဲ့ကြဘူး။ အိမ်တစ်လုံးပါသွားတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ မီးလောင်မှုကို မီးငြိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီးဖြင့် ရေဂါလံ (၈၀၀) ခန့် အသုံးပြုကာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ယင်းမီးလောင်မှုကြောင့် အလျား (၁၅) ပေ၊ အနံ (၂၀) ပေ ထရံကာ မြေစိုက် အဆောက်အဦး မီးလောင်ခဲ့ပြီး ကာလတန်ဖိုး ကျပ် (၃) သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ အသက် (၂၉) နှစ်ခန့် အရွယ် ကိုဇာမဲဖုန်ဆားရ် ကို ပလန နယ်မြေရဲစခန်းတွင် (ပ) ၄၁ / ၂၀၂၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။