Trending Now

ဖားကန့်မြို့နယ်တွင် ထရန်စဖော်မာကို သွယ်တန်းထားသည့် ကာလတန်ဖိုးသိန်း၂၀ ခန့်ရှိ မီးကြိုး ခိုးယူခံရ

Spread the love

ဖားကန့်မြို့နယ်တွင် ထရန်စဖော်မာကို သွယ်တန်းထားသည့် ကာလတန်ဖိုးသိန်း၂၀ ခန့်ရှိ မီးကြိုး ခိုးယူခံရ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၈ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရပ်ကွက်၂ ရှိ ထရန်စဖော်မာတစ်လုံးတွင် သွယ်တန်းထားရှိသည့် ကာလတန်ဖိုး ကျပ်သိန်း ၂၀ ခန့် တန်ဖိုးရှိ မီးကြိုး ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ ဖားကန့်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်နေမှုကို အခွင့်ကောင်းယူကာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ညနေပိုင်းက လုံးခင်းရပ်ကွက် ၂၊ ဘုန်းကြီးကျောင်းအနီးရှိ ထရန်စဖော်မာမှ သွယ်တန်းထားရှိသည့် မီးကြိုးအား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” ဖားကန့်မှာ မီးပျက်နေတာ ၁လလောက်ရှိတော့မယ်။ ဒီလို ဓာတ်အားတွေ ပြတ်တောက်တာကို သိတော့ အလွယ်တကူပဲ ထရန်စဖော်မာထဲကိုဝင်ပြီး မီးကြိုးကို ဖြုတ်ယူသွားကြတယ်။ မီးကြိုးက ကာလတန်ဖိုး သိန်း၂၀ လောက်ရှိတယ်။ ထရန်စဖော်မာကို ခြံခတ်ပြီး သော့နဲ့သေချာပိတ်ထားတာတော့ ဟုတ်တယ်။ သော့ကိုမဖြတ်ကဲ ပတ္တာကိုပဲ ဖြုတ်ပြီးအထဲဝင်ခိုးသွားတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း မကြာမီ ဓာတ်အားပြန်လည်ရရှိမှာ ဖြစ်သည့်အတွက် ယခုခိုးယူခံရသည့် မီးကြိုးများ အသစ်ဝယ်ယူတပ်ဆင်ရန် ရပ်ကွက်နေပြည်သူများ စုပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း လုံးခင်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

” ဖားကန့်မှာက သူခိုး၊ ဓားပြတွေ ပေါများလာတာကိုလည်း တွေ့မြင်လာရတယ်။ အခုလို အများနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေခိုးယူခံရတော့ ဒီမှာနေတဲ့ ပြည်သူအားလုံးပဲ ဒုက္ခရောက်ရတယ်။ အခုလဲ ခိုးယူခံရတဲ့ မီးကြိုးတွေနေရာမှာ အစားထိုးဖို့ အလှူခံတာတွေ၊ ပြည်သူတွေစုပေါင်းပြီး တတ်နိုင်သလောက် ဆောင်ရွက်သွားဖို့ ပြင်ဆင်နေတယ် ” ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ နန့်တိန်းကျေးရွာအနီး တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများကြောင့် လက်နက်ကြီး ထိမှန်ကာ မိုးကောင်း – ဖားကန့် သွယ်တန်းထားရှိသည့် ၆၆ကေဗွီ ဓာတ်အားလိုင်း ပြတ်တောက်ခဲ့ကာ လက်ရှိတွင် ဓာတ်အားလိုင်း ပြန်လည်ကောင်းမွန်ရန် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။