Trending Now

တရုတ်သမ္မတ ရှီကျင့်ဖျင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျာ နဲ့ တွေ့ဆုံ

Spread the love

တရုတ်သမ္မတ ရှီကျင့်ဖျင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျာ နဲ့ တွေ့ဆုံ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၂

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ နဲ့ ပေကျင်းမြို့က Diaoyutai State Guest House မှာ ကြာသာပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။

ကစ်ဆင်ဂျာ ဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်း အမေရိကန်-တရုတ် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာစေဖို့ ဆောင်ရွက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ လူသိများတဲ့ ဝါရင့်သံတမန်ဟောင်းတစ်ဦး ဖြစ်ပါတယ်။

အသက် ၁၀၀ ရှိပြီဖြစ်တဲ့ ကစ်ဆင်ဂျာ ဟာ အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆင် ရဲ့ နိုင်ငံ့လုံခြုံရေးအကြံပေးအဖြစ် ၁၉၇၁ ခုနှစ်မှာ ပေကျင်းမြို့ကို လျှို့ဝှက်သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်ဟာ ၁၉၇၉ ခုနှစ်မှာ အမေရိကန်-တရုတ် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေဖို့ လမ်းခင်းပေးခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သမ္မတ ရှီ က “တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအပြင် တရုတ်နဲ့အမေရိကန် ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးတို့မှာ ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ သူတို့ရဲ့ သမိုင်းဝင် ပံ့ပိုးကူညီမှုတွေကို တရုတ်ပြည်သူတွေက ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” လို့ မစ္စတာ ကစ်ဆင်ဂျာ ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

မစ္စတာ ကစ်ဆင်ဂျာ နဲ့ အမေရိကန်ပြည်ထောင်စုက အမြင်ရှိတဲ့ တခြားသူတွေဟာ တရုတ်-အမေရိကန် ဆက်ဆံရေး ပြန်လည်‌ကောင်းမွန်လာစေဖို့အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေမယ်လို့ မျှော်လင့်ကြောင်းလည်း တရုတ်သမ္မတ ရှီ က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီဆက်ဆံရေးဟာ နှစ်နိုင်ငံလုံးအတွက်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက်ပါ အလွန်အရေးကြီးတယ်လို့ မစ္စတာ ကစ်ဆင်ဂျာက က တုံ့ပြန်ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

ref; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။