Trending Now

လက်မောင်းပြတ်တောက်သွားသည့် အသက် ၃ နှစ်အရွယ် ကလေးငယ်အား ပြန်ဆက်ပေးသည့် ခွဲစိပ်ကုသမှုအောင်မြင်

Spread the love

လက်မောင်းပြတ်တောက်သွားသည့် အသက် ၃ နှစ်အရွယ် ကလေးငယ်အား ပြန်ဆက်ပေးသည့် ခွဲစိပ်ကုသမှုအောင်မြင်

EPN
မြစ်ကြီးနား၊ မေ ၂၉

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ညာဘက်လက်မောင်း ပြတ်တောက်သွားသော မိန်းကလေးငယ်၏ လက်အား ပြန်လည် ဆက်ပေးသည့် ခွဲစိတ်ကုသမှုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် နေထိုင်သည့် အသက်(၃)နှစ်အရွယ် မိန်းကလေး သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် မိဘများနှင့် ဆိုင်ကယ်စီးလာရာ မျက်နှာချင်းဆိုင်မှ ထွေလာဂျီနှင့်တိုက်မိသောကြောင့် ညာဘက်လက်မောင်း ပြတ်တောက်သွားခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် အောင်လံမြို့မှ တစ်ဆင့် ရန်ကုန် ပြည်သူ့ဆေး ရုံကြီးသို့ ယင်းနေ့ ညနေ (၄:၀၀) နာရီအချိန်တွင် ရောက်ရှိလာခဲ့ပြီး အဆိုပါကလေးငယ်၏ ပြတ် တောက်သွားသောလက်အား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို ယင်းနေ့ ညနေ (၅း၀၀) နာရီ အချိန်မှ စတင်ကာ ည(၁၀:၂၀)နာရီအချိန်တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ဖော်ပြပါရှိသည်။

အထက်ဖော်ပြပါလူနာသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ မှတ်တမ်းများအရ အသက် အငယ်ဆုံး လက်မောင်းပြန်ဆက်သည့် လူနာဖြစ်ပြီး၊ လက်မှာ ခွဲစိတ်ပြီးချိန်မှစတင်၍ သွေးကြောများ ဖြည်းဖြည်းချင်း ပြန်လည်လှည့်ပတ်စီးဆင်းလာပြီဖြစ်သဖြင့် ပြန်လည်သန်စွမ်းရေးအဆောင်သို့ ပြသကာ လေ့ကျင့် ခန်းများ ဆောင်ရွက်ခဲ့ပြီး ဧပြီလ (၂၄)ရက်နေ့တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါကလေးငယ်အား မေလ(၁၀)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံ ပြန်လည်တက်ရောက်စေ၍ မေလ(၁၆)ရက်နေ့တွင် နောက်ဆက်တွဲကုသမှုဖြစ်သည့် ပြတ်တောက် သွားသော အာရုံကြောများ ဆက်ခြင်း (Sural Nerve Graft)ခွဲစိတ်ကုသမှုကို ဆောင်ရွက်နိုင်ခဲ့ကာ လေ့ကျင့်ခန်းဆက်လက် ပြုလုပ်လျက်ရှိပြီး ကလေးငယ်၏လက်အခြေအနေကောင်းမွန်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

အထက်ဖော်ပြပါ လက်ပြတ်တောက်သွားသည့်လူနာကဲ့သို့ ပြတ်တောက်သွားသောလက်ကို ခွဲစိတ်ကုသမှုဆောင်ရွက်ရန်အတွက် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးပို့မည်ဖြစ်ပါက ပြတ် တောက်သွား သောလက်အား ရေသန့်သန့် သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate) ဖြင့် ဆေးပြီးနောက် အကြောဆေးရည်ဖြင့် စိုစွတ်အောင်စိမ်ထားသော ခွဲစိတ်ခန်းသုံး အဝတ်စ (Gauze) ဖြင့်ပတ်၍ သန့်ရှင်းသောပလပ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍ လည်းကောင်း အကြောဆေးရည်ထည့်ထားသော သန့်ရှင်းသောပလပ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ ထည့်၍ လည်းကောင်း လုံခြုံစွာပိတ်ပြီးနောက် ရေခဲထည့်ထားသော ရေခဲပုံးအတွင်း ထည့်၍ အမြန်ဆုံး လွဲပြောင်း ပေးပို့နိုင်ကြောင်း အသိပေးဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။