Trending Now

မြစ်ကြီးနားမှ ချီဖွေသို့ အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာခြင်း မပြုရန် ညွှန်ကြား

Spread the love

မြစ်ကြီးနားမှ ချီဖွေသို့ အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာခြင်း မပြုရန် ညွှန်ကြား

EPN
မြစ်ကြီးနား၊ မတ် ၂၁ (၂၀၂၄)

မြစ်ကြီးနားမှ ချီဖွေသို့ အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာခြင်း မပြုရန် သက်ဆိုင်ရာဌာနများမှ အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများကို ညွှန်ကြားထားကြောင်းနိုင်ငံ့ဝန်ထမ်းများထံမှ သိရသည်။

ချီဖွေလမ်းခရီးတွင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများမကျန် လူခွန်ကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်း စသည်တို့ကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေသည်ဖြင့်၍ အဆိုပါ လမ်းခရီးကို အရပ်ဘက် နိုင်ငံ့ဝန်ထမ်း၊ မိသားစုဝင်များ သွားလာခြင်းမပြုလုပ်ရန် သက်ဆိုင်ရာဌာနများက အရပ်ဘက် နိင်ငံ့ဝန်ထမ်းများကို ညွှန်ကြားထားကြောင်း သိရသည်။

” အဲ့လမ်းဘက်မှာ လူသစ်စုဆောင်းနေတာက ကြာပြီဟုတ်တယ်။ လူခွန်လည်းပေးနေရတယ်။ လူသစ်စုဆောင်းတာတွေ အရမ်းလုပ်နေတယ်။ အဲ့ဒါကြောင့် အရပ်ဘက် နိုင်ငံ့ဝန်ထမ်း မိသားစုတွေ မသွားကြဖို့ တားမြစ်ပေးတာ ဟုတ်တယ်။ ပြဿနာဖြစ်လာရင် ပြန်လိုက်ခေါ်ဖို့ မလွယ်ဘူး။ ချီဖွေဘက်က ဝန်ထမ်းရော၊ ဒီဘက်က ဝန်ထမ်းတွေရော အသွား အလာ မလုပ်ဖို့ သတိပေးတားမြစ်နေတာ ဟုတ်တယ် ” ဟု အမည်မဖော်လိုသူ အရပ်ဘက် နိုင်ငံ့ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

အဆိုပါ လမ်းပိုင်းတွင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လိုင်းကားများကိုနှစ်စဉ်ကြေး၊ လစဉ်ကြေး စသည်တို့ကို အတင်းအဓမ္မ ကောက်ခံလျက်ရှိကြောင်းသိရသည်။

ယင်းလမ်းပိုင်းအား အသုံးပြု၍ ချီဖွေ၊ ပန်ဝါ၊ ဖီမော် စသည် ဒေသများတွင် စီးပွား‌ရေး လုပ်ကိုင်‌နေသည့် စီးပွားရေး လုပ်ငန်းရှင်များ၊ လူငယ်၊ လူရွယ်များကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ မန်ဝိန်းကြီး၊ ရှငေါခ၊ မန်ဒေါင် စသည်နေရာတို့တွင် လူသစ်ဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်းတို့ကို ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းရှိ KIA၊ PDF ပူးပေါင်းအဖွဲ့သည် လူသစ်စုဆောင်းခြင်းအား ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းကစ၍ ပိုမိုတင်းကြပ်စွာ လုပ်ဆောင်လာ၍ ချီဖွေ၊ ပန်ဝါ၊ ဖီမော် စသည့် ဒေသဘက်မှ ကျောင်း သား၊ ကျောင်းသူများ၊ ခရီးသွား ပြည်သူ များ၊ ဒေသခံ ပြည်သူများ လူသစ်စုဆောင်းခံရ၍ ငွေကြေးဖြင့် ပြန်လည်ရွေးခံရမှုများ ရှိခဲ့ပြီး၊ တချို့မှာ ပြန်လည် လွတ်မြောက်ခြင်းမရှိကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။