Trending Now

ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို မြစ်ကြီးနားတက္ကသိုလ်ဝန်ထမ်းများက စစ်ဆေးပေးမည်

Spread the love

ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို မြစ်ကြီးနားတက္ကသိုလ်ဝန်ထမ်းများက စစ်ဆေးပေးမည်

EPN
မြစ်ကြီးနား၊ မေ ၁၉

ကချင်တစ်ပြည်နယ်လုံးက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ Code များကို မြစ်ကြီးနားတက္ကသိုလ်ဆရာ/မ များက စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာ Code များကို အခြေခံပညာရေး ဆရာ/မ များကသာ နှစ်စဉ်စစ်ဆေးပေးလျက်ရှိပြီး ယခုနှစ်တွင် ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် ယခုကဲ့သို့ တက္ကသိုလ်ဆရာ/မ များက လက်ခံ စစ်ဆေးပေးရခြင်းဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ်မှ စုံစမ်းသိရှိရသည်။

”ဒီတက္ကသိုလ်ဝင်းထဲမှာပဲနေတဲ့ ဆရာ ဆရာမ တွေကြတော့ ဒီကျောင်းဝင်းထဲမှာပဲ နေတဲ့လူဖြစ်တယ်။ Home Stay နေတဲ့လူတွေ ဘယ်မှမထွက်ကြဘူး။ အဲ့တော့ ဒီလူတွေက အန္တရာယ်မရှိနိုင်ဘူး။ ကျောင်း ဆရာ ဆရာမတွေကြတော့ အပြင်ကနေ လာရတယ်။ သူတို့မှာမရှိပေမယ့် လမ်းမှာဖြတ်သန်းလာရမယ်။ အချိန်တွေလည်းပေးရမယ်”ဟု မြစ်ကြီးနားတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း အဖြေလွှာ Code စစ်ဆေးခြင်းလုပ်ငန်းများကို ယခုရက်ပိုင်းအတွင်း အပြီးစစ်ဆေးသွားမည်ဖြစ်ကြောင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင်က ဆိုသည်။

“စာစစ်လုပ်ငန်းတွေလုပ်ဖို့အတွက် ပထမဦးဆုံး ကုဒ်လုပ်ငန်းတွေကို လုပ်ရမယ်။ ဒါကြောင့် အဲ့ဒီကုဒ်စစ်တဲ့လုပ်ငန်းတွေကို ဒီမေလ ၃၁ ရက်နေ့အပြီး စစ်မယ်”ဟု ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင်(စီမံ )က ပြောသည်။

မြစ်ကြီးနားတက္ကသိုလ် ဆရာ/မ များက Code စစ်ဆေးနေစဉ်အတွင်း ကြပ်မတ်ကြည့်ရှုပေးရန် ပြည်နယ်ပညာရေးဦးစီးဌာနအနေဖြင့် အထက်တန်းကျောင်းအုပ်တစ်ဦးနှင့် အလယ်တန်းကျောင်းအုပ်တစ်ဦး စုစုပေါင်း နှစ်ဦးသာ စေလွှတ်ထားကြောင်း သိရသည်။

အဆိုပါ အဖြေလွှာ Code စစ်ဆေးမည့်ဝန်ထမ်းများနှင့် Code စစ်ဆေးမည့်နေရာများကို ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အကြိုဆေးဖျန်းခြင်း၊ စစ်ဆေးကာလအတွင်း ကျန်းမာရေးစစ်ဆေးခြင်းများကို ပုံမှန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ်မှ စုံစမ်းသိရှိရသည်။

ကချင်တစ်ပြည်နယ်လုံးတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ (၃၈၀၀၀)ကျော် ရှိထားကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။