Trending Now

KIA တပ်ရင်း ၆ အခြေချ လှုပ်ရှားနေသည့် ဆန်ခါကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန် ဆောင်ရွက်နေမှုများကြောင့် ကမ်းပါးပြိုကျမည်ကို ကျေးရွာဒေသခံများ စိုးရိမ်နေ

Spread the love

KIA တပ်ရင်း ၆ အခြေချ လှုပ်ရှားနေသည့် ဆန်ခါကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန် ဆောင်ရွက်နေမှုများကြောင့် ကမ်းပါးပြိုကျမည်ကို ကျေးရွာဒေသခံများ စိုးရိမ်နေ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် KIA တပ်ရင်း ၆ အခြေချ ထိန်းချုပ် လှုပ်ရှားရာ နယ်မြေဖြစ်သည့် ဆန်ခါကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန် ဆောင်ရွက်နေကြပြီး ယင်းလုပ်ကွက်ကြောင့် အနီးရှိ လူနေအိမ်များ ပြိုကျပျက်စီးသွားမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လုပ်ကွက်မှာ ဆန်ခါကျေးရွာအရှေ့ဘက် ကျေးရွာနှင့် လွန်စွာနီးကပ်လျှက်ရှိကာ လုပ်ကွက်စတင်ရန် သွပ်များဖြင့် ကာရံထားပြီး ကျင်းအတွင်းရှိ ရေများကို ရေစုပ်စက်များဖြင့် ထုတ်ယူနေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာရဲ့ဘေးနားက ကမ်းပါးမှာ ကျောက်တူးဖို့ ပြင်နေကြတယ်၊ ရွာနဲ့က အရမ်းနီးတယ်၊ လမ်းပဲခြားတာ အခုလဲ နေ့ကော ညကော ရေစုပ်စက်သံတွေ ကြားနေရတယ်၊ အဲ့ဘက်ကို မမြင်ရအောင် အိမ်ခေါင်မိုးလုပ်တဲ့ သွပ်အဖြူတွေနဲ့ ကာထားကြတယ်၊” ဟု ၎င်းက ဆို
အဆိုပါ လုပ်ကွက် စတင်လုပ်ဆောင်ဖြစ်ပါက စက်ယန္တရားကြီးများ သွားလာမှုများကြောင့် ကမ်းပါးများပြိုကျကာ လူနေအိမ်များ ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်ရကြောင်း ဆန်ခါဒေသခံတစ်ဦးကလည်း ထပ်မံ ပြောသည်။

“လုပ်ကွက်က ရွာနဲ့နီးတော့ လုပ်ကွက်တာ လုပ်ကြရင် စက်ယန္တရားတွေ သွားလာမယ်၊ မြေတွေလဲပြိုမယ်၊ ရွာနဲ့နီးတော့ ရွာက အိမ်တွေလဲ ပါသွားမယ်၊ အဲ့ဒီကမ်းပါးကနေပြုတ်ကျပြီး သေဆုံးတာတွေလဲ အများကြီးဖြစ်ဖူးတယ်၊ ပေက နှစ်ရာကျော်မြင့်တယ်၊ လုပ်ကွက်သာ ဖြစ်သွားရင်တော့ ကျနော်တို့ ကျေးရွာက လုပ်ကွက်နဲ့ နီးတဲ့အိမ်တွေလဲ အသက် အန္တရာယ် စိုးရိမ်ရမှာပဲ” ဟု ၎င်းကပြောသည်။

အဆိုပါ လုပ်ကွက်ကို ကျော်နိုင်နှင့် ညီများ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီက ယခုနှစ်ဆန်းပိုင်း စတင်ကာ တူးဖော်ရန် ပြင်ဆင်ခဲ့ကာ အနီးရှိ နေအိမ်အချို့ကိုလည်း မတန်တဆ စျေးများပိုပေးကာ ဝယ်ယူခဲ့ကြကြောင်း သိရသည်။

ယင်းလုပ်ကွက် အနောက်တွင်လည်း တောမှော်ကျေးရွာဘက်မှ စီးဆင်းလာသည့် ချောင်းမကြီး ရှိကာ ချောင်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ရေတိုက်စားမှုကြောင့် မြေပြိုကျမှုများမှာ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

ဆန်ခါ ကျေးရွာသည့် KIA တပ်မဟာ ၉ နှင့် တပ်ရင်း ၆ တို့ ထိန်းချုပ်ရာ နေရာဖြစ်ပြီး KIA နှင့် PDF ပူးပေါင်းအဖွဲ့တို့ ဝင်ထွက်ရာနေရာဖြစ်၍ မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းခန့်ကလည်း ဆန်ခါကျေးရွာအတွင်း လက်နက်ကြီး နှစ်ကြိမ်ကျရောက် ပေါက်ကွဲကာ ဒေသခံ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပန်ပန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။