Trending Now

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များတွင် ဆိုင်ကယ် လိုက်လံ ခိုးယူနေသည့် လူငယ်နှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များတွင် ဆိုင်ကယ် လိုက်လံ ခိုးယူနေသည့် လူငယ်နှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ အောက်တိုဘာလ ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်လိုက်လံ ခိုးယူနေသူ လူငယ်အမျိုးသား (၂)ဦးကို သက်သေခံပစ္စည်း များနှင်အတူ ယမန်နေ့(အောက်တိုဘာလ ၁၃ရက်နေ့) နေ့လည် (၂)နာရီခန့်က ၎င်းတိုနေထိုင်ရာ နေအိမ်တွင်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

လယ်ကုန်းရပ်ကွက် နယ်မြေ (၁၄)တွင် အိမ်ငှားနေထိုင်နေသည့် လူငယ်(၂)ဦးမှာ ဆိုင်ကယ်များခိုးယူနေကြောင်း ခိုင်လုံသည့်သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ ခိုးရာပါဆိုင်ကယ် (၂)စီးနှင့်အတူ ခိုးယူခဲ့သူ လူငယ် အမျိုးသား(၂)ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မြစ်ကြီးနားမြို့ ၊မြို့နယ်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

“အခုလို စီးပွားရေးကြပ်တည်းတဲ့ကာလမှာ ခိုး၊ဆိုး၊လု၊နှိုက် တွေများလာတာလည်း အားလုံးအမြင်ပါပဲ၊ မနေ့ကဆိုလဲ၊ ဆိုင်ကယ်ခိုးသူ (၂)ယောက်ကို ဖမ်းမိခဲ့တယ်၊ ဒီလို ခိုးဆိုးလုနှိုက် အမှုတွေကို ကျဆင်းရေးအတွက်လဲ ကျနော်တို့ရဲတပ်ဖွဲ့ကနေ အထူးဆောင်ရွက်နေတယ်၊ အဓိကကတော့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုပါပဲ ၊ ပြည်သူတွေရဲ့ သတင်းပေးမှုက အရေးကြီးတာကြောင့် မည်သည့်မှုခင်းမျိုးမဆို ဖြစ်ပေါ်လာရင် သက်ဆိုင်ရာကို အမြန်အကြောင်းကြားပြီး ပူးပေါင်းစေလိုပါတယ်” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ ခိုးဆိုလုနှိုက်မှုများ များပြားလာသည်မှာ လူငယ်အများစု အလုပ်လက်မဲ့များလာခြင်း၊ မူးယစ်ဆေးဝါးသုံ စွဲသူများပြားလာခြင်း နှင့် စီးပွားရေးကြပ်တည်းမှုကာလအတွက် စားဝတ်နေရေးအခက်အခဲများကြောင့် ဖြစ်ပေါ်လာသည်ဟု သုံးသပ်မိကြောင်း မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်နေ မြို့မိမြို့ဖတစ်ဦးကပြောသည်။

“ အခုဆိုရင် တစ်ရက်ကို တစ်မှုနှုန်းလောက်နဲ့ ခိုး ဆိုးလု နှိုက်တွေက ဖြစ်နေကြတယ်၊ ဖြစ်လိုက်တိုင်းလဲ လူငယ်တွေက လုတာ၊ လူငယ်တွေက ဓားပြတိုက်တာ၊ခိုးတာ ဒီလိုသိရတယ်။ ဒီလူငယ်တွေက အခုလို စီးပွားရေးကြပ်တည်းတဲ့ကာလမှာ အလုပ်အကိုင်တွေ မရှိကြတာ၊ တစ်ချို့က မူးယစ်သားကောင်တွေဖြစ်နေကြတာကြောင့်လဲ ဒီလိုမှုခင်းမျိုးတွေဖြစ်လာတာလို့ ကျွန်တော်အနေနဲ့သုံးသပ်မိတယ်၊ နောက်ပြီး အရင်ကဆို နယ်မြေ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့တွေက အမြဲစောင့်ကြည့်ကြပေမဲ့ နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်းမှာ ဒီလို နယ်မြေစိုးမိုးမှုတွေ လျော့နည်းလာတာကြောင့်လည်း အခုလိုဖြစ်စဉ်တွေ အဖြစ်မျာလာတယ်လို့သုံးသပ်ရပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဖမ်းဆီးရမိသူအမျိုးသားနှစ်ဦးမှာ အသက် (၂၈) နှစ်အရွယ် ကိုမင်းကိုကို နှင့် အသက် (၂၅)နှစ်အရွယ် ကိုလွင်မိုး ဆိုသူတို့ဖြစ်ကြပြီး၊ ၎င်းတို့ခိုးယူထားသည့် (YUNDE – 110 )အမျိုးအစားဆိုင်ကယ်တစ်စီးနှင့် (LUCKY ANBO -125/CLICK) အမျိုးအစား ဆိုင်ကယ် တစ်စီး၊ စုစုပေါင်း ဆိုင်ကယ်(၂)စီး ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ (၂)ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အလားတူ မြစ်ကြီးနားမြို့တွင် သြဂုတ်လ (၁၃)ရက်နေ့ကလည်း ဓားထောက်လုယက်သူ လူငယ် (၈)ဦးကို သက်သေခံပစ္စည်းများဖြစ်သည့် ဆိုင်ကယ် (၉)စီး ဖုန်း (၁၂)လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဗညားနွဲ့
May be an image of 2 people, motorcycle and text that says 'မင်းကိုကို လွင်မိုး'

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။