Trending Now

ဧရာဝတီတိုင်းတွင် နေလှန်းဆား လုပ်ငန်းများ အရှုံးပေါ်နေ

Spread the love

ဧရာဝတီတိုင်းတွင် နေလှန်းဆား လုပ်ငန်းများ အရှုံးပေါ်နေ

EPN
ဧရာဝတီ၊ ဇန်နဝါရီ ၂၉ (၂၀၂၄)

ဧရာဝတီတိုင်းဒေသကြီးရှိ နေလှန်းဆား ထုတ်လုပ်သည့် လုပ်ငန်းများတွင် အရှုံးပေါ်နေခြင်းကြောင့် ယခုနှစ်ဆားရာသီတွင် လုပ်ငန်းများ ပြန်လုပ်ကိုင်ရန် အခက်အခဲဖြစ်နေကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် နေလှန်ဆားထုတ်လုပ်သည့်လုပ်ငန်းကို နှစ်စဉ်အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်လုပ်ကိုင်ကြ ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ၂နှစ်ဆက်တိုက်ရာသီဥတုဖောက်ပြန်ကာ ဆားကွင်းဖျက်မိုးဒဏ် ခံရခြင်း၊ နိုင်ငံရေးအကျပ်တည်းများကြောင့် စက်သုံးဆီဈေးနှုန်းအဆမတန် မြင့်တက်လာခြင်း၊ ဆား လုပ်ငန်းများတွင် အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်မှုများကြောင့် အရှုံးဖြင့်ရင်ဆိုင်ခဲ့ကြရပြီး၊ ယခုနှစ်ဆားရာသီအစတွင်လည်း၊ဘလုပ်သားခဈေးတက်လာခြင်း၊ စက်သုံးဆီဈေးတက်ခြင်း၊ ဆားဝယ်လက်များလျော့သွားခြင်း၊ဆားကွင်းများတွင် လူစုလူဝေးဖြင့် အလုပ်မလုပ်ရခြင်း စသည့်အကြောင်းအရင်းများနှင့် အထွေထွေ ကုန်ကျစရိတ်ကြီးမြင့်မှုဒဏ်ကို ထပ်မံရင်ဆိုင်နေရခြင်းကြောင့် အခက်အခဲဖြစ်နေကြောင်း ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ ဆားဈေးကလည်း အကျဘက်မှာပဲရှိတယ်။ အခု ပိဿာ ၁၀၀ ကို၂ သောင်းပဲ ရှိတယ်။ အရင်က ပိဿာ ၁၀၀ ကို ၄၅၀၀၀အထိ ရှိခဲ့တယ်။ မနှစ်ကဆားလုပ်ငန်း ရာသီစတင်တဲ့ အချိန်မှာလည်း မုန်တိုင်းဒဏ်ကြောင့် ဆားတွေ အပြည့်အဝ မကျုံးခဲ့ရဘူး။ ကျုံးလို့ရခဲ့တဲ့ ဆားတွေကလည်း သဘာဝဘေးဒဏ်ကြောင့်အရည်အသွေး မကောင်းဘူး။ မနှစ်က တစ်ရာသီ ဆားပိဿာချိန် ၇ သိန်း လောက်မှန်းခဲ့တာ  ၃ သိန်းလောက်ပဲ ထွက်တော့ အဲ့ဒီမှာပဲ ရှုံးနေပြီ။ ဒီလို အခက်အခဲ ကြုံနေရတာကလည်း ၂ နှစ်ဆက်တိုက်ဖြစ်နေပြီ။ အရှုံးနဲ့ပဲ ရင်ဆိုင်နေရတာ။ အကျိုးအမြတ်က ရတဲ့နှစ်ကို မရှိဘူး။ အခုလည်း လုပ်ငန်းစတင်ရတော့မှာ စက်သုံးဆီဈေးနဲ့ အခြားအထွေထွေကုန်ကျစရိတ်တွေ တွက်ကြည့် တာအဆင်ပြေဘူး။ ကုန်ကျစရိတ်က ပိုများနေတယ်။ အရှုံးနဲ့ ထပ်ရင်ဆိုင်နေရတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ နေလှန်းဆားထုတ်လုပ်သည့် လုပ်ငန်းကို ဧရာဝတီတိုင်းတွင် ငပုတောမြို့နယ်မှ ကျေးရွာ ၂၀ ကျော်၊ လပွတ္တာမြို့နယ်မှ ကျေးရွာ ၂၀ အထိ အဓိကလုပ်ကိုင်ကြခြင်းဖြစ်ပြီး၊ နေလှန်းဆားလုပ်ငန်းကို မိရိုးဖလာ အလုပ်တစ်ခုဖြစ်ခြင်းကြောင့် အရှုံးခံပြီး လုပ်ကိုင်နေခဲ့သော်လည်း ယခုနှစ်တွင် ထပ်ပြီးအရှုံးမခံနိုင်သဖြင့် လုပ်ငန်းများ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် နေလှန်းဆားကို အဓိကဝယ်ယူအသုံးပြုရသည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းများဘက်တွင်လည်း ကိုဗစ်-၁၉ရောဂါဖြင့်ဖြစ်စဉ်ကြောင့် လုပ်ငန်းများ ထိခိုက်မှုရှိကာ မလည်ပတ်နိုင်ခြင်းများကြောင့် ဆားများဝယ်ယူမှု အားနည်းနေခြင်းဖြစ်ကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။