Trending Now

နယူးဇီလန်က မြန်မာနိုင်ငံမှာ သံရုံးပြန်ဖွင့်မယ်

Spread the love

နယူးဇီလန်က မြန်မာနိုင်ငံမှာ သံရုံးပြန်ဖွင့်မယ်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၃

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ သံရုံးဝန်ထမ်းတွေကို ခေါ်ထုတ်ပြီး သံရုံးကို ပိတ်ထားခဲ့တဲ့ နယူးဇီလန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ သံရုံးပြန်ဖွင့်ဖို့ စီစဉ်နေပြီး အဆင့်မြင့် သံတမန်တစ်ဦး ဟာလည်း မြန်မာနိုင်ငံကို ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (Mfat) က မြန်မာနိုင်ငံမှာရှိတဲ့ နယူးဇီလန်သံရုံးကို ပြန်ဖွင့်ဖို့အတွက် အဆင့်မြင့် သံတမန်တစ်ဦးကို ရန်ကုန်မြို့ကို စေလွှတ်သွားမယ်လို့ သိရပါတယ်။

အခုလို သံရုံးကို ပြန်လည်ဖွင့်လှစ်ရတာဟာ မြန်မာနိုင်ငံရဲ့ ပကတိ မြေပြင်အခြေအနေတွေကို သိရှိပြီး အကောင်းဆုံးအကူအညီပေးအပ်နိုင်ဖို့အတွက် ဖွင့်လှစ်ရတာလို့ နယူးဇီလန် နိုင်ငံခြားရေးက ပြောဆိုထားပါတယ်။

“သံရုံး ပြန်လည်ဖွင့်လှစ်ခြင်းအားဖြင့် မြန်မာနိုင်ငံက မြေပြင်အခြေအနေတွေကို အကောင်းဆုံး နားလည် သဘောပေါက်နိုင်မှာဖြစ်သလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အသင့်တော်ဆုံး ထောက်ပံ့မှုတွေ ပေးအပ်နိုင်ဖို့ရည်ရွယ်ပါတယ်။” လို့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ
ဒီဘက်ရှ် ဂီးလ် က ပြောပါတယ်။

ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ အာဆီယံဆိုင်ရာ နယူးဇီလန် သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ မစ္စ စတက်ဖနီလီး ကို မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံရုံးရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပြီး သံအမတ်ကြီးရာထူးနဲ့ မဟုတ်ဘဲ တစ်ဆင့်နိမ့် သံရုံးယာယီတာဝန်ခံအဖြစ်သာ ခန့်အပ်တာဖြစ်ကြောင်း နယူးဇီလန် အစိုးရက ဆိုပါတယ်။

သံရုံးအကြီးအကဲသစ် ဖြစ်လာမယ့် မစ္စ စတက်ဖနီလီးဟာ လက်ရှိမှာ မြန်မာနိုင်ငံက ပြည်ဝင်ခွင့် ဗီဇာ ရရှိဖို့ စောင့်ဆိုင်းနေတယ်လို့ နယူးဇီလန် အစိုးရက ထုတ်ပြန်ပြောဆိုထားပါတယ်။

 

— ကိုးကား —
Stuff.co.nz
Ref; New Zealand to reopen diplomatic post in junta-ruled Myanmar


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။