Trending Now

မြစ်ကြီးနား၌ ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ တစ်ရာကျော်အထိ အရေးယူထား

Spread the love

မြစ်ကြီးနား၌ ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ တစ်ရာကျော်အထိ အရေးယူထား

 

EPN
မြစ်ကြီးနား၊ ဇွန် ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ညမထွက်ရဒေသန္တရအမိန့် ဖောက်ဖျက်ကျူးလွန်သူ ၁၀၀ ဦးကျော်အထိ အရေးယူ ထားကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

ဒေသန္တရ အမိန့်ထုတ်ပြန်စတင်ထုတ်ပြန်ခဲ့ချိန်မှ စ၍ ယမန်နေ့ ဇွန်လ ၄ရက်နေ့အထိ ညမထွက်ရ ဒေသန္တရ အမိန့်ကျူးလွန်သူ အသက် (၁၈)နှစ်အောက် ( ၈ )ဦး၊ အသက် (၁၈)နှစ် အထက် (၉၅ ) ဦး စုစုပေါင်း (၁၀၃)ဦးအထိ အရေးယူဆောင်ရွက်ထားပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

ညမထွက်ရ အမိန့်ကျူးလွန်ထားသူများကို မြစ်ကြီးနားမြို့နယ် တရားရုံးက ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၁၈၈အရ အသက်(၁၈)နှစ်အောက် (၈)ဦးကို ငွေဒဏ်ငါးသောင်းစီအမိန့်ချမှတ်ခဲ့ပြီး အသက် (၁၈)နှစ်အထက် (၉၅)ဦး အနက် (၇၃)ဦးကို ထောင်ဒဏ်တစ်လစီအမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ အရေးယူရာတွင် အသက်(၁၈)နှစ်အထက် (၂၂)ဦးကို ငွေဒဏ်ငါးသောင်းစီချမှတ်ခဲ့သည်။ ယင်း (၂၂)ဦးမှာ ဧပြီလ ၂၄ရက်နေ့အထိ အရေးယူထားသူများသာ ဖြစ်ပြီး ဧပြီ ၂၄ရက်နေ့ နောက်ပိုင်း ကျူးလွန်သူများအနက် အသက် ၁၈နှစ်အထက်ရှိသူများကို ပြင်းထန်သော ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ်တစ်လ ပြောင်းလဲချမှတ်ခဲ့ခြင်း ဖြစ်သည်။

ညမထွက်ရအမိန့် ကျူးလွန်သူအများစုတွင်လူလတ်ပိုင်းအရွယ်အများဆုံး ကျူးလွန်ကြောင်း သိရပြီး ယင်းကျူးလွန်သူများမှာလည်းမွေးနေ့ပွဲ၊ မိတ်ဆွေအပေါင်းအသင်းထံအလည်သွားရောက်ခြင်း၊ စသည့်အကြောင်းမဲ့ အပြင်ထွက်သူများသာဖြစ်ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက် (၂၈)ရပ်ကွက်အနက် အများဆုံး ကျူးလွန်သည့် ရပ်ကွက်မှာ တပ်ကုန်းရပ်ကွက်နှင့် ရမ်ပူရပ်ကွက် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်၁၉ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် နာရေးကိစ္စဆောင်ရွက်သူများမှ အပ မည်သူမဆို နေ့စဉ်ည (၁၀)နာရီမှ နံနက်(၄)ရီအတွင်း နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ စုဝေခြင်းမပြုလုပ်ရန် ဧပြီလ ၁၈ရက်နေ့တွင်စတင်ထုတ်ပြန်ခဲ့ပြီး ဧပြီ ၃၀ရက်နေ့ နောက်ပိုင်းမှစ၍ ယင်းအမိန့်ကို နေ့စဉ်ည ၁၂နာရီမှ နံနက် လေးနာရီအထိ ပြောင်းလဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။