Trending Now

ရေသယံဇာတ ပျက်စီးစပြုလာပြီဖြစ်သော အင်းတော်ကြီးဒေသ

Spread the love

ရေသယံဇာတ ပျက်စီးစပြုလာပြီဖြစ်သော အင်းတော်ကြီးဒေသ

 

EPN

ဆောင်းပါး၊ ဇွန်လ ၁၅ရက်နေ့

မြန်မာနိုင်ငံမှာ ရေသယံဇာတ အပါအဝင် သဘာဝ သယံဇာတတွေ ပေါများတယ်လို့ ဆိုပေမယ့်လည်း အကန့်အသတ်နဲ့သာ တည်ရှိနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် လူနဲ့ သက်ရှိတို့အတွက် မရှိမဖြစ် နေ့စဉ် လိုအပ်ချက်ဖြစ်တဲ့ ရေချို၊ ရေကောင်း ရေသန့်တွေက အကြောင်းအမျိုးမျိုးကြောင့် လျော့ပါးလျက် ရှိနေပါတယ်။ မြစ်ချောင်း အင်းအိုင်တွေ ပေါများပေမယ့်လည်း မလျော်ကန်တဲ့ မြေအသုံးချမှုတွေ၊ ရေဝေ ရေလဲဒေသ ရေထိမ်းသစ်တောတွေ ပြုန်းတီးပျက်စီးမှုတွေကြောင့် မြေဆီလွှာတိုက်စား၍ နုန်းအနည်အနှစ်များပို့ချပြီး မြစ်ချောင်းများ တိမ်ကောခြင်း၊ ရေကြီး ရေလျှံခြင်းတို့ ဖြစ်ပေါ်ကာ ရေကောင်း ရေသန့်ရရှိဖို့ ခက်ခဲလာပါတယ်။

တရားမဝင် ရွှေသတ္တု တူးဖော်မှုတွေ၊ ရေဝေ၊ ရေလဲဒေသအတွင်း စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲမှုတွေ၊ စက်ရုံ အလုပ်ရုံတွေက စွန့်ပစ်ပစ္စည်းတွေ စတဲ့ အကြောင်းအရင်းတွေကြောင့် ရေထု ညစ်ညမ်းမှုတွေ ဖြစ်ပေါ်လျက်ရှိပြီး အချို့နေရာဒေသတွေမှာ သောက်သုံးရေရှားပါးမှုတွေ၊ ပြတ်လပ်မှုတွေကို ရင်ဆိုင်ရလျက် ရှိပါတယ်။

ကချင်ပြည်နယ်မှာ ဆိုရင်လဲ တရားမဝင် ရွှေတူးဖော်မှုတွေ များပြားလာတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ လယ်ယာမြေ ပျက်စီးမှုတွေ၊ ရေသယံဇာတ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာကို တွေ့လာရပါတယ်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ရေခန်းခြောက်လာတဲ့အပြင် သန့်ရှင်းတဲ့ရေ မရရှိတာကြောင့် ဒေသခံတွေနဲ့ ကလေးသူငယ်တွေ ဝမ်းဗိုက်ဆိုင်ရာ ပြဿနာအမျိုးမျိုးကို ခံစားခဲ့ကြရပါတယ်။

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသက ညောင်ပင်ကျေးရွာမှာဆိုရင် အိမ်ထောင်စု ၇၀၀ ခန့်ရှိပြီး လူဦးရေ ၂,၅၀၀ လောက်ရှိပြီး ကလေးသူငယ်တွေဟာ ဗိုက်အောင့်ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှောတာနဲ့ အော့အန်တာတွေကို ခံစားခဲ့ရပါတယ်။ ကလေးအယောက် ၁,၀၀၀ လောက်ရှိတဲ့ ညောင်ပင်ကျေးရွာမှာ ၁၀ နှစ်အောက် ကလေးသူငယ် ၂၀ ရာခိုင်နှုန်းဟာ ဝမ်းပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။

တရားမဝင် ရွှေတူးဖော်မှု လုပ်ငန်းတွေကြောင့် ဘုံဘိုင်ရေ၊ တွင်းရေတွေဟာ နံလာပြီး မြစ်၊ ချောင်းတွေမှာ ရွံ့ရေတွေအဖြစ် စီးဆင်းနေတာပဲ ဖြစ်ပါတယ်။ အဲဒီဒေသဘက်က မမုံကိုင်ကျေးရွာနဲ့ လုံးတုံကျေးရွာကြားက နန့်ရင်းခါချောင်းဟာ ရွှေတူးထားတဲ့ နွံတွေဝင်ရောက်သွားတာကြောင့် ရေလမ်းကြောင်း ပြတ်တောက် သွားတာမျိုးတွေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။ လုံးတုံကျေးရွာဘက်က သုံးရေတွေဟာ နံလာတဲ့အပြင် ရေခန်းခြောက်တာကြောင့် ဒေသခံတွေ ရေသိုလှောင်နေကြရတယ်လို့ ဆိုပါတယ်။ သောက်သုံးရေတွေနံလာတဲ့ လုံးတုံကျေးရွာဟာ အိမ်ထောင်စု ၄၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပြီး အသက် ၅ နှစ်အောက် ကလေးငယ် ၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ အခုဆိုရင် သောက်သုံးရေ ရှားပါးလွန်းတာကြောင့် လုပြီးသောက်ရမယ့် အခြေအနေ ဖြစ်နေပြီလို့တောင် ဒေသခံတွေက ဆိုလာကြပါတယ်။

နောက်ထပ်အရေးကြီးတဲ့ တစ်ခုက ရွှေတူးဖော်တဲ့အခါ ရွှေကျင်တဲ့နေရာမှာ အသုံးပြုတဲ့ ပြဒါးပြဿနာပါ။ မမုံကိုင်ကျေးရွာမှာ အသုံးပြုနေရတဲ့ ရေတွေထဲမှာ ပြဒါးအဆိပ်တွေ ပါဝင်နေပြီလို့ ဒေသခံတွေက ဆိုလာကြပါတယ်။ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်နေသူတစ်ဦးရဲ့ ပြောပြချက်အရ ပြဒါးအဆိပ် ရှိ၊ မရှိ ရေတွေကို စမ်းသပ်ချက်ပြုလုပ်သင့်တယ်လို့ ဆိုထားပြန်ပါတယ်။

ရေထဲမှာ ပြဒါးက ၀ ဒဿမ ၀၀၁ ရာခိုင်နှုန်း အထက်မှာ ပြဒါးပါရှိနေပြီဆိုရင် ပြဒါးအဆိပ်သင့်တဲ့ ရေဖြစ်တာကို နိုင်ငံတကာက သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ ပြဒါးအဆိပ်သင့်တဲ့ရေကို သုံးစွဲမိရင် ကျောက်ကပ်ရောဂါ၊ ကိုယ်လက်အင်္ဂါမစုံတဲ့ ကလေးသူငယ်တွေ မွေးဖွား လာနိုင်တဲ့အပြင် အရာဝတ္ထုတွေ ကိုင်တဲ့အချိန် လက်မမြဲတော့ဘဲ အကြောအားနည်းတဲ့ ရောဂါမျိုးတွေ ဖြစ်လာနိုင်တယ်လို့ သုတေသန ပြုလုပ်သူတွေက ဆိုပါတယ်။

အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်မှုတွေကို ၂၀၀၀ ခုနှစ်နောက်ပိုင်း စတင်လုပ်ဆောင် လာခဲ့ပြီးနောက် သဘာဝတောတောင်တွေ ပျက်စီးခြင်း၊ လယ်ယာမြေတွေ ပျက်စီးခြင်း၊ ငါးမျိုးစိတ်တွေ ရှားပါးလာခြင်းနဲ့ အခြားဘေးထွက် ဆိုးကျိုးတွေကို ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အင်းရေသောက်သုံးနေတဲ့ ဒေသခံတွေက အင်းရေမသောက်ရဲတဲ့ အခြေအနေ၊ မသောက်နိုင်တဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ လယ်မြေတွေ ထိခိုက်လာခြင်း၊ ငါးရှားပါးခြင်း၊ သစ်ကောင်း၊ ဝါးကောင်းတွေ ရှားပါးခြင်းတို့ကို ဆယ်စုနှစ်တစ်ခုအတွင်း တဖြည်းဖြည်း ကြုံတွေ့လာရနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်လာကြပါတယ်။

အင်းတော်ကြီးအိုင်ကို ၂၀၁ရခုနှစ် ဇွန်လ ၁၄ ရက်နေ့ ပြင်သစ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၉ကြိမ်မြောက် UNSCO ဇီဝအဝန်း နယ်မြေများ အစည်းအဝေးမှာ အင်းတော်ကြီးဘေးမဲ့တော့နဲ့ ပတ်ဝန်းကျင်ဒေသကို ဇီဝအဝန်းနယ်မြေအဖြစ် အတည်ပြုသတ်မှတ်ခဲ့ပါတယ်။ အင်းတော်ကြီးအိုင်ဟာဆိုရင် မြန်မာနိုင်ငံမှာ အကြီးဆုံး ကုန်းတွင်းရေအိုင်ကြီးဖြစ်ပြီး၊ ရေပြင်အကျယ် ၁၀၀ စတုရန်းမိုင် အပါအဝင် ၃၁၄ ဒဿမ ၆၇ စတုရန်းမိုင်ကျယ်ဝန်းတဲ့ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၉၉ခုနှစ၊် မတ်လ ၄ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အင်းတော်ကြီးဘေးမဲ့တောမှာ နို့တိုက်သတ္တဝါ ၃ရမျိုး၊ ငှက် (၃၅ဝ) မျိုး၊ ရေပျော်ငှက် (၉၉) မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၈၈) မျိုး ၊ ငါး (၈ဝ) မျိုး၊ လိပ်ပြာ (၅ဝ) မျိုး ရှင်သန်လျက်ရှိပြီး၊ သစ်ပင် (၈၅) မျိုး၊ ဘယဆေး (၅၆) မျိုး၊ ဝါး (၁၁) မျိုး၊ မြက် (၁၄) မျိုး၊ ကြိမ် (၅)မျိုး၊ သစ်ခွ (၇၀) မျိုး ပေါက်ရောက်လျက်ရှိပါတယ်။

ဒေသခံတွေအနေနဲ့ သယံဇာတတူးဖော်မှုတွေကြောင့် ဆိုးကျိုးတွေကို လက်ရှိအချိန်မှာ မျက်ဝါးထင်ထင် တွေ့မြင်ခံစားနေကြရပြီဖြစ်တာကြောင့် ရွှေတူးဖော်မှုတွေနဲ့ မြေရှားသတ္တုတူးဖော်မှုတွေကို အမြန်ဆုံး ရပ်တန့်စေလိုတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ သုံးရေမလောက်ငှတော့ဘဲ ရေကောင်း မရတော့တဲ့ အင်းတော်ကြီးဒေသက ဒေသခံတွေအနေနဲ့ ရွှေတူးဖော်မှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ မျှော်လင့် နေကြတဲ့အပြင် လက်ရှိသုံးစွဲနေတဲ့ ရေတွေကို စမ်းသပ်ချက်တွေ ပြုလုပ်ပေးစေလိုပြီး ကလေးသူငယ်တွေ အတွက် ကျန်းမာရေး အထောက်အပံ့တွေ ရနိုင်ဖို့လည်း မျှော်လင့်နေကြပါတယ်။

ဒီလိုမျိုး သဘာဝ အရင်းအမြစ်တွေကိုကို မိမိကိုယ်ကျိုးအတွက် အလွန်အကျူး ထုတ်ယူသုံးစွဲနေတာဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပြီး အနာဂတ်ကာလမှာ သဘာဝဘေးအန္တရာယ်တွေ ဆိုးကျိုးများစွာ ဖြစ်ပေါ်လာစေမှာဘဲ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ ကန့်ကွက်နေတဲ့ တရားမဝင် ရွှေတူးဖော်မှုတွေကို အမြန်ဆုံး ရပ်တန့်ပေးပြီးတော့ တိုင်းရင်းသားတွေရဲ့ သဘာဝ အရင်းအမြစ်တွေကို တန်ဖိုးထား ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။

တရားမဝင် ရွှေတူးဖော်မှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ရွှေတူးဖော်တဲ့နေရာနဲ့ နီးတဲ့ ဒေသတွေမှာ ဒေသခံတွေ လုပ်ကိုင်စားသောက်စရာ နေရာရှားပါးခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ မြစ်ကမ်းပါးပြိုကျ ခြင်းတို့ကို ကြုံတွေ့နေရပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရွှေတူးဖော်မှုတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကြောင့် သောက်သုံးရေ ရှားပါးခြင်း၊ ရေအဆိပ်သင့်ခြင်း၊ သား၊ ငါးသယံဇာတ ရှားပါးခြင်းတို့ကို လက်တွေ့ခံစားနေရပြီ ဖြစ်ပါတယ်။

သဘာဝသယံဇာတ တောတောင်တွေနဲ့ အေးချမ်းလှတဲ့ အင်းတော်ကြီးဒေသဟာ တစ်စတစ်စနဲ့ ပျက်စီးမှုအသွင်ကို ဆောင်လာပါပြီ။ ဒေသခံပြည်သူတွေနဲ့ ကလေးငယ်တွေအတွက် ရင်လေးစရာ ကောင်းလှပါတယ်။ ဒီလိုသာ ဆက်လက်လုပ်ဆောင်နေမယ် ဆိုရင်တော့ လာမယ့်ဆယ်စုနှစ် တစ်ခုအတွင်းမှာ အဆုံးမရှိတဲ့ ပျက်စီးခြင်းတွေနဲ့ ရင်ဆိုင်ရမှာဘဲ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ မိမိဒေသ၊ မိမိပြည်နယ်ကို ကာကွယ်မှသာလျင် တောတောင်ရေမြေ သဘာဝအလှတရားတွေနဲ့ ကလေးငယ်တွေရဲ့ အနာဂါတ်ကို ကာကွယ်နိုင်မှာ ဖြစ်ပါကြောင်း အကြံပြု ရေးသားဖော်ပြ လိုက်ရပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။