Trending Now

ရှင်ဗွေယန်မြို့တွင် ၂၀၂၃ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့

Spread the love

ရှင်ဗွေယန်မြို့တွင် ၂၀၂၃ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၆

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့တွင် ရိုးရာ
၂၀၂၃ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက်အတွင်း ရိုးရာအကများ၊ အားကစားပြိုင်ပွဲများနှင့် ကံစမ်းမဲ အစီအစဉ်များ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှင်ဗွေယန်တွင် ယခုနှစ် ကျင်းပပြုလုပ်သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှာ ယခင်နှစ်များက ကျင်းပပြုလုပ်သောပွဲနှင့် မတူညီပဲ တစ်မူထူးခြားစွာဖြင့် ပြုလုပ်ကျင်းပခဲ့ရသည့်အတွက် လွန်စွာဝမ်းသာပီတိဖြစ်ရကြောင်း ရှင်ဗွေယန်မြို့၊ နာဂရိုးရာ ဥက္ကဌ ဦးတိမောထိထံမှ သိရသည်။

“ဒီနှစ်ကတော့ပြောရမယ်ဆိုရင် အရင်တုန်းက ပွဲတွေနဲ့ မတူဘူးပြောရမယ်၊ ဘာလို့လဲဆိုရင် အရင်တုန်းက ပွဲတွေက ရိုးရာပွဲဆိုရင် ခေါင်ရည်သောက်ပြီးမူးမယ်၊ လူငယ်တွေဆိုရင်လည်း မူးရူးရမ်းကားကြတာတွေရှိတယ်၊ ဒီနှစ်ကျတော့ အဲ့လိုမျိုးမဖြစ်ရအောင် နာဂလူမျိုးတွေရဲ့ပွဲတော်၊ ယာဉ်ကျေးမူကို ပြသရမယ့် ပွဲတော်ဖြစ်စေရအောင်ဆိုပြီး ဒီပွဲမလုပ်ခင်ကတည်းက ကျေးရွာတွေကို နယ်လှည့်ပြီးတော့ ဟောပြောတာတွေ လုပ်ခဲ့တယ် အဲ့လိုလုပ်ခဲ့တော့လည်း ဒီနှစ်ပွဲကခါတိုင်းနှင့်မတူညီပဲ မူးရူးရမ်းကားပြီး ပွဲခင်းမှာဖြစ်ဖြစ် မြို့ထဲမှာ ဖြစ်ဖြစ်ရန်ဖြစ်တာတွေ၊ ပြဿနာတွေမရှိတော့ဘူး ကိုယ့်လူမျိုးတွေရဲ့ ယဉ်ကျေးမူပွဲတော်ဆိုတဲ့အတိုင်း အကောင်းဆုံးရိုးရာယာဉ်ကျေးမူတွေကို ပြသပေးနိုင်ခဲ့တဲ့အတွက် အင်မတန်မှ ဝမ်းသာပီတိဖြစ်ရပါတယ်” ၎င်းက ဆိုသည်။

အဆိုပါ ရိုးရာပွဲ အခမ်းအနားပြုလုပ်ချိန်တွင် နာဂရိုးရာရုံးဖွင့်ပွဲ၊ မုဒ်ဦးဖွင့်ပွဲအပြင် နာဂရိုးရာ ဆုတောင်းတိုင် ဖွင့်ပွဲများပြုလုပ်ခဲ့ပြီး နာဂရိုးရာဥက္ကဌ ဦးတေမောထိနှင့် ရိုးရာနာယက ဦးစိန်းယုံတို့မှ နာဂရိုးရာပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် နာဂလူမျိုးများဆင်းသက်လာပုံ၊ နာဂလူမျိုးများ၏ သမိုင်းအကြောင်းများ၊ ရှင်းပြဟောပြောခဲ့ပြီး နာဂလူမျိုးများသည် အိန္ဒိယနိုင်ငံတွင် လူဦးရေ ၃သန်းခန့် နေထိုင်ကြကာ မြန်မာနိုင်ငံတွင် လူဦးရေ ၃သိန်းခန့်သာ နေထိုင်လျှက်ရှိကြောင်းနှင့် ယခင်ကတည်းက နာဂလူမျိုးများမှာ ကိုယ့်လူမျိုး ကိုယ့်ရိုးရာဓလေ့ထုံးတမ်းများဖြင့် နေထိုင်လာခဲ့ကြကာ တောင်ယာစိုက်ပျိုးရေးများဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ကြသည့်အပြင် မည်သည့်အခြားလူမျိုးများ၏ သြဇာလွှမ်းမိုးမှုများအောက်တွင် နေထိုင်ခဲ့ကြခြင်းများမရှိကြောင်းနှင့် မည်သည့်သြဇာလွှမ်းမိုးမှုအောက်တွင်လည်း နေထိုင်လိုခြင်းမရှိကြောင်း၊ မိမိဒေသ မိမိလူမျိုးများ အေးချမ်းစွာ နေထိုင်လိုခြင်းများဖြင့်သာ ဆက်လက်နေထိုင်သွားကြမည်ဖြစ်ကြောင်းနှင့် ယခုဖြစ်ပေါ်နေသည့်မြန်မာနိုင်ငံအခြေအနေအတွက်လည်း ဆုတောင်းပေးလျှက်ရှိကြောင်း ပြောကြားခဲ့သည်။

နာဂရိုးရာပွဲတော် ကျင်းပပြုလုပ်သည့် ၁၅ ရက်နေ့တွင် ခန့်မှန်းလူဦးရေထက် ကျော်ကာ လူဦးရေ နှစ်ထောင်နီးပါး တက်ရောက်ပါဝင်ခဲ့ကြကြောင်း၊ ပွဲတော်၌ ကံစမ်းမဲကံထူးရှင်များကို ကြေညာပြောကြားခဲ့ကာ ကံထူးရှင်အသီးသီးကို ဆုများပေးအပ်ခဲ့ကြပြီးရိုးရာအကများ၊ ဖျော်ဖြေရေးအစီစဉ်များ၊ ညမီးပုံအကများနှင့်အတူ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို သုံးနှစ်တစ်ကြိမ် မြို့နယ်အဆင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းကို ရိုးရာပွဲတော်ပြီးစီးချိန် ရိုးရာကော်မတီမှ သက်ဆိုင်ရာများအစည်းအဝေးပြုလုပ်ချိန်တွင် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။