Trending Now

အစ္စရေးက ဂါဇာကို နှစ်ပိုင်းခွဲခြားလိုက်ပြီလို့ ဆို

Spread the love

အစ္စရေးက ဂါဇာကို နှစ်ပိုင်းခွဲခြားလိုက်ပြီလို့ ဆို

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၆

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဂါဇာကမ်းမြောင်ကို ဝိုင်းရံထားပြီး သိသိသာသာတိုက်ခိုက်မှုတွေနဲ့အတူ ဂါဇာကမ်းမြောင်ကို နှစ်ပိုင်းခွဲခြားလိုက်ကြောင်း အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက ပြောကြားခဲ့ပါတယ်။

“ဒီနေ့၊ မြောက်ပိုင်း ဂါဇာ နဲ့ တောင်ပိုင်း ဂါဇာ ရှိတယ်” လို့ ဒန်နီရယ် ဟာဂါရီက ပြောကြားခဲ့ပြီး ဟားမတ်စ်- အစ္စရေး စစ်ပွဲအတွက် ” အရေးပါတဲ့ အဆင့်ဖြစ်တယ်” လို့ တနင်္ဂနွေနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က တပ်ဖွဲ့ဝင်တွေဟာ လာမယ့် ၄၈ နာရီအတွင်း ဂါဇာကမ်းမြောင်ကို အင်အားသုံးဝင်ရောက်ဖို့ စီစဉ်နေပြီး ဂါဇာကမ်းမြောင်မှာ အင်တာနက်နဲ့ ဆက်သွယ်မှုတွေ အားလုံးပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းကလည်း အစ္စရေးလေတပ်က ဂါဇာအလယ်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့လို့ လူ ၅၃ ဦး သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

စစ်ပွဲတစ်လနီးပါးအတွင်း ပါလက်စတိုင်း ၉,၉၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အစ္စရေးဘက်မှာလည်း လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအေဂျင်စီ အကြီးအကဲတွေက ရှားရှားပါးပါး ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းလုပ်ဆောင်ဖို့” တောင်းဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တနင်္ဂနွေနေ့က အီရတ်နိုင်ငံကို သွားရောက်ခဲ့ပြီး အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာ အယ်လ်ဆူဒါနီနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်းတစ်လျှောက်၊ ဟေဘရွန်၊ ကယ်လ်ကီလီယာ၊ နာဘလပ်၊ ဂျနင်၊ တူဘာစ် စတဲ့ မြို့တွေနဲ့ ကျေးရွာတွေကို အစ္စရေးက စီးနင်းမှုတွေပြုလုပ်နေပြီး ပါလက်စတိုင်းတွေကို တောင်ဘက်ကိုရွှေ့ပြောင်းကြဖို့ တောင်းဆိုထားတယ်လို့ အစ္စရေး ဒုဗိုလ်မှူးကြီး ဂျိုနသန်ကွန်ရီကပ်က ပြောပါတယ်။

ယူအေအီးနဲ့ တရုတ်တို့ရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ အစ္စရေး-ဟားမတ်စ် ပဋိပက္ခဆိုင်ရာ တံခါးပိတ်အစည်းအဝေးကို နိုဝင်ဘာ ၄ ရက်နေ့မှာ ကျင်းပပြုလုပ်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဂါဇာကမ်းမြောင်ဒေသမှာ စားနပ်ရိက္ခာ ထောက်ပံ့မှုနည်းပါးလာနေတာကြောင့် အရေးပေါ် တိုးချဲ့ဝင်ရောက်ခွင့်ပြုဖို့ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားပါတယ်။

Ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။