Trending Now

နှစ်စဉ်တိုးပွားလာသော လျှပ်စစ်သုံးစွဲမှုအတွက် လိုအပ်နေတဲ့ ခိုင်မာသော စွမ်းအင်မူဝါဒ

Spread the love

နှစ်စဉ်တိုးပွားလာသော လျှပ်စစ်သုံးစွဲမှုအတွက် လိုအပ်နေတဲ့ ခိုင်မာသော စွမ်းအင်မူဝါဒ

EPN
သတင်းဆောင်းပါး
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်
ကောင်းဇေ ရေးသည်

မြန်မာနိုင်ငံရဲ့ နှစ်စဉ် လျှပ်စစ်သုံးစွဲမှုက တစ်နှစ်ထက်တစ်နှစ် ပိုပြီးတိုးပွားလာတာကို တွေ့မြင်နေရမှာပါ။ ဖွံ့ဖြိုးရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတစ်နိုင်ရဲ့ လူဦးရေတိုးပွားခြင်းနဲ့အတူ ဒွန်တွဲလာတာက တိုက်တာ အဆောက်အအုံတွေပဲ ဖြစ်ပါတယ်။ နှစ်စဉ်လူဦးရေ တိုးပွားလာတာနဲ့အမျှ နေထိုင်စရာ အိမ်ယာအကြီးအသေး တွေကလည်း တိုးပွားနေဆဲပါ။ အိမ်ယာတွေ တိုးချဲ့လာတာနဲ့အမျှ လျှပ်စစ်ဓါတ်အား အသုံးပြုမှုကလည်း တိုးနေဦးမှာပါ။

လူတစ်ဦးချင်းစီကလည်း လျှပ်စစ်ဓါတ်အားအသုံးပြုမှု တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလာပါတယ်၂၀၁၈ ခုနှစ်ရဲ့ တွက်ချက် စာရင်းအရ ၂၀၁၈ မှာ လူတစ်ဦးချင်းရဲ့ လျှပ်စစ်အသုံးပြုမှုဟာ ကီလိုဝပ်နာရီ ၃၇၀ ဖြစ်ပါတယ်။ အဲ့ဒီပမာဏဟာ ၂၀၁၇ခုနှစ်ထက် ၁ဝ ဒဿမ ၇ရာခိုင်နှုန်း တိုးပွါးလာတာဖြစ်ပါတယ်။

နှစ်စဉ် တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲမှု တိုးပွါးလာတဲ့ အခြေအနေကို ကြည့်ရင် ၂ဝ၁၅ခုနှစ်မှာ အမြင့်ဆုံး မဂ္ဂါဝပ် ၂၃၅ဝ၊ ၂၀၁၆ခုနှစ်မှာ အမြင့်ဆုံး မဂ္ဂါဝပ် ၂၆၇ဝ ထိအသုံးပြုခဲ့တာကြောင့် ၂၀၁၅ခုနှစ်ထက် ၂၀၁၆ ခုနှစ်ဟာ မဂ္ဂါဝပ် ၃၂၀ တိုးပွါး အသုံးပြုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ မဂ္ဂါဝပ် ၂၉ဝဝ ဖြစ်လို့ ၂၀၁၆ခုနှစ်ထက် မဂ္ဂါဝပ် ၂၃ဝ တိုးသုံးဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ မဂ္ဂါဝပ် ၃၃ဝဝ အထိ တိုးမြင့်လာခဲ့တာမို့ ၂၀၀၇ ခုနှစ်ထက် မဂ္ဂါဝပ် ၄ဝဝ တိုးသုံးဖြစ်ခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၄ဝဝမဂ္ဂါဝပ်ဟာ ၁၂ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်၊ တိုးသုံး မဂ္ဂါဝပ် ၄ဝဝ ဆိုတာကြီးမားတဲ့ ပမာဏဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ပြောဖူးပါတယ်။ လျှပ်စစ် စစ်တမ်းတစ်ခုဖြစ်တဲ့ ADB ရဲ့ စစ်တမ်းဖေါ်ပြချက်မှာတော့ မြန်မာနိုင်ငံဟာ ၂၀၀၀ ခုနှစ်ကစပြီး ဓါတ်အားသုံးစွဲမှုဟာ ပျမ်းမျှအားဖြင့် နှစ်စဉ် ၁ဝ ရာခိုင်နှုန်း တိုးပွါးလာတယ်လို့ ဆိုပါတယ်။ ဖေါ်ပြပါ နှစ်စဉ်တိုးသုံးပမာဏအရ ၂၀၁၅ခုနှစ်မှ ၂ဝ၁၈ခုနှစ်အထိ လေးနှစ်အတွင်းမှာ မဂ္ဂါဝပ် ၉၅ဝ အထိတိုးလာပါတယ်။

လူတစ်ဦးချင်းအသုံးပြုတဲ့ လက်ကိုင်ဖုန်း အပါအဝင် အခြားအဆောင်အယောင် ပစ္စည်းတွေဟာ ဆန်းသစ်တီထွင်မှု အပေါ်မူ တည်ပြီး လျှပ်စစ်ဓါတ်အား တိုးသုံးဖြစ်လာတာပါ။ ဖုန်းအသုံးပြုမှုကိုပဲ ကြည့်မယ် ဆိုရင်လည်း ဥပမာ လူဦးရေ ၁ သန်းရှိရင် ဖုန်းအသုံးပြုမှုက ၂ သန်းလောက် ရှိနေပါပြီ။ လူတစ်ဦးကို ဖုန်း နှစ်လုံး၊ သုံးလုံး အသုံးပြုလာကြလို့ပဲ ဖြစ်ပါတယ်။ တိုးပွါးလာတဲ့လူဦးရေအပေါ်မူတည်ပြီး စား၊ ဝတ်၊ နေ ဆိုတဲ့ အသက်ရှင်ရပ်တည်ရေးမှာ လျှပ်စစ်က မပါမဖြစ် အရေးပါလာတာပါ။

နေ့စဉ်လူနေမှုဘဝမှာ လျှပ်စစ်မီးဟာ အရေးပါဆုံးကဏ္ဍမှာ တည်ရှိနေပြီး ဘယ်လိုမျိုး ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ မဆိုထားနဲ့ သာမာန်မိသားစု အဆင့်မှာပင် လူတန်းစားမျိုးစုံအတွက် လျှပ်စစ်မီးဟာ အလွန်အရေးပါသည်မှာ အထူးပြောပြနေစရာပင် မလိုအပ်တော့ပါဘူး။ ဒါ့အပြင် လူတစ်ဦးပဲဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခုပဲဖြစ်ဖြစ်၊ ဒေသတစ်ခုပဲဖြစ်ဖြစ် အသေးအဖွဲ လေးကအစ နိုင်ငံတော်ကြီး တစ်ခုကို ဖွံ့ဖြိုး တိုးတက်နိုင်ဖို့အတွက်ဆို လျှပ်စစ်ဓာတ်အားဟာ အရေးကြီးဆုံးအခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

လူနေထိုင်မှုသိပ်သည်းတဲ့မြို့ ပြလိုနေရာမျိုးတွေမှာ အသုံးပြုမှုပိုမိုများပြားပါတယ်။အဲလို ပြည်သူတွေရဲ့ လျှပ်စစ ်လိုအပ်ချက်နဲ့ လျှပ်စစ်သုံးစွဲခြင်းဆိုင်ရာကို အစိုးရက ချုပ်ကိုင်ပြီး စီမံကွပ် ကဲရတာဖြစ်ပါတယ်။ ဘယ်အစိုးရတက်တက် ဒီလိုပြည်သူတွေရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမှာက အစိုးရရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိုင်တွယ်တဲ့နေရာမှာ အစိုးရနဲ့ ပြည်သူအကြားမှာ အဆင်မပြေမှုတွေလည်း ရှိနေတာကို တွေ့ရပါတယ်။ အဲဒီလိုအပ်ချက်တွေကိုလည်း အစိုးရက ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံဟာ လျှပ်စစ်စွမ်းအင် ဆာလောင်မှုမြင့်မားနေတဲ့နိုင်ငံလို့ ပြောရင် မှားမယ်မထင်ပါဘူး။ လျှပ်စစ် စွမ်းအင် လိုအပ်ချက် မြင့်မားနေပေမဲ့ အစိုးရအဆက်ဆက်က လျှပ်စစ်ကို အဓိက အာရုံစိုက်ရမယ့် ကဏ္ဍထဲ ထည့်ထားတာမတွေ့ ရပါဘူး။
ယခင် NLD အစိုးရက စပြီးတာဝန်ယူခဲ့တဲ့အချိန်မှာ စွမ်းအင်နှင့် ပတ်သက်တဲ့ မဟာစီမံကိန်း နှစ်ရပ် ဖြစ်တဲ့ လျှပ်စစ် ထုတ်လုပ်ရေးနဲ့ ထုတ်ထားတဲ့ လျှပ်စစ် ဓာတ်အားတွေကို နိုင်ငံအနှံ့ ခွဲဝေဖြန့်ပေးရေး စီမံ ကိန်းပဲဖြစ်ပါတယ်။ အဲဒီ စီမံကိန်း ရည်မှန်းချက် အနှစ်ချုပ်ကတော့ ၂၀၃၀ မှာ တစ်တိုင်းပြည်လုံး လျှပ်စစ်မီးလင်းရေးပဲ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ နှစ်စဉ်လျှပ်စစ်လိုအပ်ချက်ဟာ ပုံသေကားချပ် တွက်ဆလို့ မရပါဘူး၊ အဲ့သလိုပါပဲ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်လွှမ်းခြုံရမယ်ဆိုတဲ့ ၂ဝ၃ဝ ရည်မှန်းချက်မှာလည်း မဂ္ဂါဝပ် ပမာဏကို ပုံသေ သတ်မှတ်ထားလို့ မရပါဘူး။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြန့်ဖြူးနေတဲ့ လျှပ်စစ်ဓာတ်အားရဲ့ ၈၀ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်ကနေ ထုတ်ယူ အသုံးပြု နေတာဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ မဂ္ဂါဝပ် ၂၀၀၀၀ ကျော်ဖြစ်ပေမယ့် အမှန်တကယ် ထုတ်လုပ်နိုင်တဲ့ ပမာဏကတော့ မဂ္ဂါဝပ် ၃၀၀၀ ကျော်ပဲ ထုတ်ယူနိုင်သေးတာဖြစ်ပါတယ်။

လျှပ်စစ်ဓါတ်အား ရရှိသုံးစွဲနေတဲ့ ဒေသတွေကလည်း ဓါတ်အားအပြည့်အဝ ရချင်ကြတယ်၊ လျှပ်စစ်ဓါတ်အား မရသေးတဲ့ ဒေသတွေကလည်း ဓါတ်အားရယူအသုံးပြုလိုစိတ် ပြင်းပြကြပါတယ်။ ဒါပေမဲ့မြန်မာလျှပ်စစ်ဟာ မဝရေစာ အဆင့်ကနေ တိုးမလာသေးပါဘူး။ မြန်မာလျှပ်စစ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ အကြံကောင်း၊ ဉာဏ်ကောင်း မထွက်တာကြောင့် သစ်တော ပြုန်းတီးရသလို ဂေဟစနစ်လည်း ပျက်ယွင်းရပါတယ်။

စွမ်းအင်နဲ့ ပါတ်သက်ပြီး နှစ်ရှည်စီမံကိန်း ချမှတ်လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ စွမ်းအင်မူဝါဒဟာ ခိုင်မာပြတ်သားခြင်း မရှိသေးဘူးလို့ဆိုနိုင်ပါတယ်။ ၂၀၃ဝ မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား လွှမ်းခြုံနိုင်မယ်လို့ ပြောထားပေမဲ့ အမာခံစွမ်းအင်မူဝါဒ ချမှတ်ထားတာမျိုး မရှိသေးပါဘူး၊ ခုထိ ကောင်းနိုးရာရာကို မြေစမ်းခရမ်းပျိုးတဲ့ သဘောမျှသာ ရှိနေပါသေးတယ်။

ဒီမိုကရေစီ အစိုးရ နှစ်ဆက် ဆယ်စုနှစ်ကျော် ကာလကို ဖြတ်ကျော်ပြီးပြီမို့ ခိုင်မာပြတ်သားတဲ့ စွမ်းအင်မူဝါဒ ချမှတ်သင့်ပါပြီ။ ပိုမိုသေချာတဲ့ အမာခံ စွမ်းအင်မူဝါဒကို ဆိုလိုတာပါ။ လက်ရှိမြန်မာနိုင်ငံရဲ့ စွမ်းအင် အရင်းအမြစ်တွေထဲမှာလည်း ရေအားလျှပ်စစ်က မဂ္ဂါဝပ်အများဆုံးထုတ်လုပ်နေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် ထုတ်လုပ်မယ်ဆိုရင် မီဂါဝပ် ၄ သောင်းခန့် ထုတ်လုပ်နိုင်မှာ ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းတွေ ရပ်တန့်ခဲ့ရတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၃ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုထားတာရှိပါတယ်။

ရေအားလျှပ်စစ်ဟာ အနည်းဆုံး ၅နှစ်ကြာမှာ ဖြစ်တဲ့အတွက် အစိုးရတစ်ရပ်ရဲ့ သက်တမ်းတစ်ခုပါပဲ။ အစိုးရသက်တမ်းတစ်ခုမှာသာ ရေအားလျှပ်စစ်ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် နိုင်ငံအတွင်း ဓာတ်အားတွေ အခုထက်ပိုပြီး ပြည့်ဝစွာ အသုံးချနိုင်မှာပါ။ အစိုးရသက်တမ်း တစ်ခုမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အတွက်ကလည်း အစိုးရအဆင့်ဆင့် လက်ဆင့်ကမ်း ဆောင်ရွက်ဖို့ အထူးလိုအပ်မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေ၊ ခိုင်မာတဲ့ စွမ်းအင်မူဝါဒတွေကို လက်တွေ့အကောင်အထည် ဖော်ဖို့အတွက်ဆိုရင်တော့ ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ကလည်း ရေအား တမံတည်ဆောက်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြည်သူတွေ သေချာနားလည် သိရှိနိုင်စေဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ရှင်းလင်းပေးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ရင်လည်း ပြည်သူတွေကို အချိန်နဲ့ တပြေးညီ သိရှိစေဖို့အတွက် ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးဖို့ လိုအပ်မှာဘဲ ဖြစ်ပါတယ်။

ဆက်ပါဦးမယ်
ကောင်းဇေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။