Trending Now

ရခိုင်ပြည်နယ်အတွင်း လေအားလျှပ်စစ် စီမံကိန်းများဆောင်ရွက်ရန် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုး

Spread the love

ရခိုင်ပြည်နယ်အတွင်း လေအားလျှပ်စစ် စီမံကိန်းများဆောင်ရွက်ရန် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုး

EPN
မြစ်ကြီးနား၊ မတ် ၃

ရခိုင်ပြည်နယ် အတွင်း လေအားလျှပ်စစ် စီမံကိန်းများဆောင်ရွက်ရန် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့ လက်မှတ်ရေးထိုးသည့် သဘောတူညီမှုစာချွန်လွှာ မှာ လေအားလျှပ်စစ်စီမံကိန်း သုံးခုဖြစ်သည့် အမ်း လေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွ လေအား လျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်၊ သံတွဲ လေအား လျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက် ရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းများကို မြန်မာနိုင်ငံသားပိုင် PRIMUS ၊ ဟောင်ကောင်အခြေစိုက် AED နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ YMEC ကုမ္ပဏီ တို့က ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း သုံးခု အနက်မှ ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေရန် အတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ စီမံကိန်း သုံးခုလုံးအား ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင် အောင် ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က တိုက်တွန်းခဲ့သည်။

၂၀၃၀ ပြည့် နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားရရှိနိုင်ရေး ရည်မှန်းချက်များ ပြည့်မီစေရန် လျှပ်စစ်ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ကုမ္ပဏီများ၏ ကြိုးပမ်း ဆောင်ရွက် မှုများကို ကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ယနေ့ လက်မှတ်ရေးထိုးသော ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းများသည် စုစုပေါင်း ၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုး ပြု စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။