Trending Now

တီးတိန်မှာ နွားသွားကျောင်းတဲ့ သားအဖ ၂ ယောက် ၊ မိုင်းနင်းမိပြီး ၁ ဦးသေ ၊ ၁ ဦး ခြေတောက်ပြတ်

Spread the love

တီးတိန်မှာ နွားသွားကျောင်းတဲ့ သားအဖ ၂ ယောက် ၊ မိုင်းနင်းမိပြီး ၁ ဦးသေ ၊ ၁ ဦး ခြေတောက်ပြတ်

EPN

တီးတိန် ၊ မေ ၄

ချင်းပြည်နယ် မြောက်ပိုင်း ၊ တီးတိန်မြို့နယ် ၊ လိုင်လွီးကျေးရွာအုပ်စု လင်တန်ကျေးရွာနားမှာ မနေ့က နေ့ခင်းပိုင်းက နွားသွားကျောင်းတဲ့ သားအဖ ၂ ယောက် မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာကြောင့် လူ ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ တီးတိန်မြို့ခံတွေဆီက သိရပါတယ်။

” လိုင်လွီးကျေးရွာမှာနေတဲ့ ဦးဇဲလ်ထန့်လျန်းနဲ့ သူ့ရဲ့သားဖြစ်သူ ဦးဆုန့်ခန့်လျန်းတို့ သားအဖ ၂ ယောက်ဟာ လင်တန်ရွာဘက်က နွားစားကျက်ကိုသွားတဲ့အခါ လင်တန်တောင်ဘက်အရောက် မိုင်းနင်းမိတာပါ ၊ အဖေဖြစ်သူ ဦးဇဲလ်ထန့်လျန်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ် ၊ သူ့သားဖြစ်သူ ဦးဆုန့်ခန်းလျန်ကတော့ ဒူအောက် ခြေတောက်ပြတ်သွားတယ် “လို့ လိုင်လွီးရွာခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် တီးတိန် နှစ်ခြင်း ခရစ်ယာန် သင်းအုပ်ဆရာတော် တစ်ပါးပြောတာက ” ချင်းပြည်နယ်က မကြာခဏ မိုင်းနင်းမိပြီး လူသေတာတွေရှိသလို ၊ ခြေပြတ်တာတွေလည်းဖြစ်တယ် ၊ အဲ့ဒီ အပြင် စားကျက်ထဲက နွားတွေလည်း မိုင်းနင်းမိတယ် ၊ အခုဆို ချင်းပြည်နယ်က မိုင်းဘေးအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေပြီ ” လို့ ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ ထောင်ထားတဲ့မိုင်းတွေနင်းမိပြီး အသက်မသေပဲ ခြေတောက်ပြတ်ဒဏ်ရာရတဲ့သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ချင်းအမျိုးသား ကျန်းမာရေး ကူညီစောင့်ရှောက်မှုပရဟိတအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ချင်းပြည်နယ် တောင်ပိုင်း မတူပီ ၊ မင်းတပ် ၊ ကန်ပလက် ၊ ပလက်ဝမြို့နယ်တွေနဲ့ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန် ၊ တွန်းဇံ ၊ ကျီခါး မြို့နယ်တွေဘက္မှာ မိုင်းနင်းမိပြီး ခြေထောက်ပြတ်သူ လူ ၃၀ ကျော်နဲ့ သေဆုံးသူ ၂၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ မိုင်းနင်းမိပြီး သေဆုံးတာ နဲ့ ခြေထောက်ပြတ်တဲ့ အရေးအတွက် ကိန်းဂဏန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ၊ ဇူလိုင်ကနေ အခုနှစ် မေ ၃ ရက်အထိ ဖြစ်စဉ်တွေကြောင့်၊ ဖြစ်ခဲ့ရတာလို့ သိရပါတယ်။

အဲ့ဒါကြောင့်မို့ ချင်းပြည်နယ်အတွင်း တောင်ယာလုပ်ကိုင်သူတွေနဲ့ နွားနောက်မွေးမြူရေး လုပ်ကိုင်မယ့်သူတွေဟာ မိုင်းဘေးအန္တရာယ်ကို သတိပြုသွားလာကြဖို့ကိုလည်း ချင်းပြည်နယ် ကျန်းမာရေး စောင့်ရှောက်မှု ပရဟိတ အဖွဲ့တွေက နှိုးဆော်ထားပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။