Trending Now

ထိုင်းဘုရင့်သားတော်က တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာ ဆွေးနွေးဖို့ တိုက်တွန်း

Spread the love

ထိုင်းဘုရင့်သားတော်က တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာ ဆွေးနွေးဖို့ တိုက်တွန်း

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

ထိုင်းဘုရင် မဟာဝီဇယလောင်ကွန်းရဲ့ ဒုတိယသားတော် ဝါ့ချာရေဆွန် ဝိဝါချရာဝေါင်က တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဝါ့ချာရေဆွန် ဝိဝါချရာဝေါင်ဟာ ထိုင်းတော်ဝင်အသရေဖျက်မှုနဲ့ တရားစွဲခံထားရသူတွေကို မီးမောင်းထိုးပြထားတဲ့ နယူးယောက်မြို့က ပြပွဲကို သွားရောက်ကြည့်ရှုပြီးနောက် အခုလို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ လို့ မကြာခဏရည်ညွှန်းလေ့ရှိတဲ့ တော်ဝင်ဥပဒေဟာ ဘုရင်နဲ့ သူ့ရဲ့မိသားစုကို ဝေဖန်မှုအားလုံးနီးပါးကနေ အကာကွယ်ပေးထားပြီး ဝေဖန်သူတွေကိုလည်း ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ပါတယ်။

“ဘုရင်စနစ်အပေါ် သစ္စာစောင့်သိမှုကို မြတ်နိုးပါတယ်၊ ဒါပေမယ့် ‘သိခြင်း’ ဟာ ‘မသိခြင်း’ ထက် ပိုကောင်းတယ်လို့ ယုံကြည်ပါတယ်၊ လူတစ်ဦးချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကနေ ဆင်းသက်လာတဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက် ရှိပါတယ်” လို့ အသက် ၄၂ နှစ်အရွယ် ဝါ့ချာရေဆွန်က ထိုင်းဘာသာနဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

လူထိုင်းရဲ့ ထင်မြင်ယူဆချက်တွေကို လျစ်လျူရှုနေမယ်ဆိုရင်လဲ ဒါတွေက ပျောက်ကွယ်သွားမှာမဟုတ်တဲ့အတွက် မတူကွဲပြားတဲ့ အမြင်တွေကိုထည့်သွင်းစဉ်းစားပြီး ဆွေးနွေးတဲ့ စကားဝိုင်းတွေဖော်ဆောင်ဖို့ သူက တောင်းဆိုခဲ့ပါတယ်။

“သူတို့ရဲ့ ထင်မြင်ချက်တွေကို နားမထောင်ဘူးဆိုရင်တောင် သူတို့ရဲ့ အမြင်နဲ့ သဘောထားတွေ မရှိဘူးလို့ မဆိုလိုပါဘူး။ ဒါကြောင့် သူတို့ရဲ့ အမြင်တွေကို သိပြီး နားထောင်တာ ကောင်းပါတယ်။ သဘောတူတာ မတူတာကတော့ တစ်ခြားကိစ္စရပ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။” လို့ သူက ပြောပါတယ်။

၂၇ နှစ်ကြာ အမေရိကန်နိုင်ငံမှာ နေထိုင်ခဲ့တဲ့ ဝါ့ချာရေဆွန်ဟာ ထိုင်းဘုရင်စွန့်ပစ်ခံထားရတဲ့ သားလေးယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဒီသားတွေကို တော်ဝင်အဆောင်အယောင်တွေ ရုတ်သိမ်းထားသလို သူတို့ရဲ့ မိခင်နဲ့အတူ ပြည်နှင်ဒဏ်ပေးခံထားရတာလဲဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လစောပိုင်းမှာ ဝါ့ချာရေဆွန်က ရုတ်တရက် ထိုင်းနိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ချိန်မှာ တော်ဝင်မိသားစုထဲ ပြန်သွင်းပြီး တာဝန်တချို့ ပေးကောင်းပေးလိမ့်မယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပေမယ့် နန်းတော်ဘက်ကတော့ အခုအထိ တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ထိုင်းနိုင်ငံရဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူတွေဟာ ပြစ်မှုတစ်ခုစီအတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာပဲ လူရာနဲ့ချီ တရားစွဲဆိုခံခဲ့ရပါတယ်။

ဒီဥပဒေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ ထိုင်းလူငယ်တွေကြားမှာ တောင်းဆိုမှုတွေ မြင့်တက်လာနေချိန်မှာ ဝါ့ချာရေဆွန် ရဲ့ မှတ်ချက်ထွက်ပေါ်လာခဲ့တဲ့အတွက် ထိုင်းနိုင်ငံရေးမှာ အရေးကြီးတဲ့ ဂယက်ရိုက်ခတ်မှုတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးစင်တာက လက်ထောက်ပါမောက္ခ ပါဗင်က သုံးသပ်ထားပါတယ်။

Ref; CNN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။