Trending Now

သမိုင်းတွင်စေမည့် အချိန်ကာလ သို့မဟုတ် လျှပ်စစ်ကဏ္ဍ

Spread the love

သမိုင်းတွင်စေမည့် အချိန်ကာလ သို့မဟုတ် လျှပ်စစ်ကဏ္ဍ

EPN
ဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ မတ်၁၀
ကောင်းဇေ ရေးသည်။

ယခုရက်ပိုင်း မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်မီးများနေ့စဥ်ရက်ဆက်ဆိုသလို ပြတ်တောက်လာသည်ကို တွေ့မြင်နေရသည်။ မည်သည့်အချိန်၊ မည်မျှကြာအောင် ပြတ်တောက်မည်ကို မသိရှိရသည့်အတွက် ဒေသခံများ၏ စိုးရိမ်ပူပန်မှုများကိုလည်း ကြားသိနေရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ရပ်ကွက်တိုင်းနီးပါး အချိန်ပိုင်းမီးပြတ်တောက်မှုဖြစ်ပွားလျက်ရှိသည်။ ထိုကဲ့သို့ ပြတ်တောက်မှုမှာ နိုင်ငံတော်မှပေးသော ဓါတ်အားမလုံလောက်မှုနှင့် မလိစက်ရုံရေ မလုံလောက်မှုကြောင့် ဓါတ်အားပြတ် တောက်ရခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့အတွင်း လျှပ်စစ်ဓါတ်အား အဓိက ဖြန့်ဖြူးပေးနေသည့် ဘူးဂါးလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးကုမ္ပဏီမှ ပြောကြားထားသည်။

ဘူးဂါးကုမ္ပဏီပိုင် ရေအားလျှပ်စစ်များမှ ရေမလုံလောက်မှုကြောင့် ယခုနှစ်တွင် ယခင်နှစ်များထက် လျှပ်စစ်မီးပြတ်တောက်မှု ပိုများလာနိုင်ပြီး၊ နိုင်ငံတော်မှပေးသည့် လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိသည့်အပြင် လာမည့် ဧပြီလအတွင်း ရေမလုံလောက်သည့် အခက်အခဲ ပိုမိုရှိလာနိုင်သည့်အတွက် ယခုထက်ပိုမို မီးပြတ်တောက်နိုင်မည်ဟုလည်း ဆိုထားသည်။

ဘူးဂါးကုမ္ပဏီသည် ကချင်ပြည်နယ်အတွင်း အသေးစားရေအားလျှပ်စစ်စက်ရုံ သုံးရုံနှင့် ဝန်ထမ်း ၄၀၀ ခန့်ရှိသည်။ မန်ဂလာ Mungla ချောင်းပေါ်တွင် ၄ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သောစက်ရုံကို ပထမဆုံးတည်ဆောက်နိုင်ခဲ့ပြီး လက်ရှိလိုင်ဇာကို မီးပေးလျက်ရှိသည်။

၂၀၀၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော Mali Hka စက်ရုံသည် စက်စွမ်းအား ၁၀ ဒသမ ၅ မဂ္ဂါဝပ်ရှိပြီး တစ်နှစ်လျှင် ၅၃ ဒသမ ၅ ဂစ်ဂါဝပ်နာရီအထိ ထုတ်လုပ်နိုင်သည်ဟု ဆိုသည်။ တတိယစက်ရုံ Dabang Hka (Pajau ဟုလည်းခေါ်သည်) ၁၄ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည်။ ထိုစက်ရုံ နှစ်ရုံစလုံးမှ ထုတ်လုပ်သောလျှပ်စစ်ကို မြစ်ကြီးနားနှင့် ဝိုင်းမော်သို့ ပေးပို့လျက်ရှိသည်ဟုလည်း စုံစမ်းသိရပါသည်။

နိုင်ငံတော်အစိုးရ လက်အောက်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကလည်း လျှပ်စစ်မီးပြတ်တောက်ရခြင်းနှင့် ပတ်သက်၍လည်း အချက် (၄) ချက်ဖြင့် ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ အချက် (၄) ချက်မှာ –
(၁) ပြည်ပမှ မှာယူတင်သွင်းရသော LNG to Power ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု ၇၅၀
မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်း လေးဆခန့် မြင့်တက်လာခြင်းကြောင့် ရပ်နားထားရခြင်း။

(၂) ရတနာကမ်းလွန်ဓာတ်ငွေ စီမံကိန်း၏ ၂ လကျော်ကြာ နှစ်စဉ်ပုံမှန်ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ရသဖြင့် ၅၄၀ မဂ္ဂါဝပ် ခန့်လျော့နည်းရခြင်း။

(၃) ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ တာဝါတိုင်များမှာ PDF များ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ၁၈၀ မဂ္ဂါဝပ်ခန့် လျော့နည်းနေခြင်း။

 

(၄) ပွင့်လင်းရာသီကာလတွင် ရေဝင်ရောက်မှုနည်းလာပြီး ရေလှောင်ကန်/ဆည်များ၌ ရေအားလျှပ်စစ် ထုတ်လုပ်မှုကို ထိန်းသိမ်းလျော့ချ မောင်းနှင်ရခြင်း စသည်တို့ကြောင့် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိနေရခြင်းဖြစ်ပြီး၊အိမ်ထောင်စု ၁၀.၉ သန်းခန့်အနက် ၆.၆ သန်း(၆၀ရာခိုင်နှုန်း)သည် နိုင်ငံတော် ဓာတ်အားစနစ်မှ သုံးစွဲလျက်ရှိရာ အဆိုပါ အချက် ၄ ချက်ကြောင့် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်နေစဉ်အတွင်း လိုအပ်သည့်နေရာများတွင်သာ စနစ်တကျ အသုံးပြု ချွေတာပေးရန် ဖော်ပြထားသည်။

 

ယခုကဲ့သို့ ဖြစ်ပေါ်နေသော လျှပ်စစ်မီးအခက်အခဲများကို မည်ကဲ့သို့ ဖြေရှင်းကြမည်နည်း။ လျှပ်စစ်နှင့်ပတ်သက်သမျှ နှစ်ရှည်ခေတ်နောက်ကျ နေမှုများကို အုပ်ချုပ်သူတွေအဆင့်ဆင့် လက်ဆင့်ကမ်းတွန်းတင်နိုင်မှသာ လာမည့်နှစ်ပေါင်း ၂၀၊ ၃၀ ခန့်ကြာမှသာ လူတန်းစေ့ သုံးစွဲလာနိုင်မည်ဖြစ်သည်။

လျှပ်စစ်နှင့်ပတ်သက်သည့် သီအိုရီအရ ကြည့်မည်ဆိုပါကလည်း အရင်းအမြစ်ကြာကြာခံပြီး စျေးသက်သာမည့်ရေအားကိုလည်းလုပ်ရမည်ဖြစ်သလို၊ ကာလတိုအတွင်းကုစားနိုင်ရန် စျေးကြီးသော်လည်း ဓာတ်ငွေ့ရှိပါကဓာတ်ငွေ့ကိုလည်း အထိုက်အလျှောက် အသုံးပြုရမည်ဖြစ်သည်။ ကာလလတ်အတွက် စျေးအလယ်အလတ်ဖြစ်သော ကျောက်မီးသွေးကိုလည်း သုံးရမည်ဖြစ်ပြီး၊ နေ့လည်ပိုင်း ခုသာခံသာဖြစ်စေရန် ဓာတ်အားစနစ်ကိုသိပ်မထိခိုက်စေမည့် နေအားစနစ်နှင့်ပုံမှန်လေတိုက်နှုန်း အချိန်များများရမည်ဆိုပါက လေအားစနစ်ကိုလည်း တွဲထားရမည်ဖြစ်သည်။

အဓိကမှာ စျေးသက်သာပြီး ရေရှည်ခံမည့်ပြည်တွင်းတွင် မည်သူ့မှ အားကိုစရာမလိုသော ရေအားကို နေအားနှင့်တွဲ၊ ကျောက်မီးသွေးစက်ရုံအချို့က အခြေဝန်ထိမ်းပေး၊ ဒါမှသာ နိုင်ငံနှင့်ကိုက်ညီပေမည်။ သို့ရာတွင် ကျောက်မီးသွေးစက်ရုံတည်ရန် ကြိုးပမ်းချိန် ကန့်ကွက်မှုများစွာ ကြုံတွေ့ခဲ့ရသည့်အတွက် အစီအစဥ်ကို ဖျက်သိမ်းခဲ့ရသည်။

 

၂၀၁၂ /၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သမ္မတကိုယ်တိုင် ဂျပန်နိုင်ငံသို့ သွားရောက်၍ super critical/ultra supercritical စက်ရုံများကို လေ့လာပြီး ဂျပန်နည်းပညာနှင့်ပြုလုပ်ရန်စီစဥ်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် အောင်မြင်မှု မရှိခဲ့ပေ။

၂၀၂၁ ခုနှစ် စာရင်းများအရ တစ်နိုင်ငံလုံးကို ကျောက်မီး သွေးဖြင့် မီးပေးထားသော နိုင်ငံများကြည့်ပါကလည်း အမေရိကန် ၂၀ ရာခိုင်နှုန်း၊ တရုတ် ၇၀ ရာခိုင်နှုန်း၊အိန္ဒိယ ၆၀ ရာခိုင်နှုန်း ရှိသည့်အတွက် ကမ္ဘာ့ပျမ်းမျှ ၃၄ ရာခိုင်နှုန်း မောင်းနှင်နေဆဲဖြစ်သည်။နောင်အနှစ်နှစ်ဆယ်ကျော်ထိ အနိမ့်ဆုံးကမ္ဘာ့ပျမ်းမျှ ၂၀ ရာခိုင်နှုန်း ကျော် ဆက်ရှိနေမယ်လို့လည်း ဆိုထားသည်။ကျောက်မီးသွေး စက်ရုံအနေဖြင့် ကြည့်မည်ဆိုပါကလည်း လက်ရှိ မဂ္ဂါဝပ် ၂၀၀၀ ကျော်စက်ရုံ အမေရိကန်တွင် ၂၀ ရုံ၊ အိန္ဒိယတွင် ၁၆ ရုံ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့တွင် ၁၀ ရုံရှိပြီး အချို့စက်ရုံများမှာ မဂ္ဂါဝပ် ၅၅၀၀ ထိရှိသည်။

လက်ရှိဖြစ်ပေါ်နေမှုများမှာ ပြည်ပအတိုင်ပင်ခံများ၏ကျောက်မီးသွေးစက်ရုံအပေါ်ခြိမ်းခြောက်မှုများကို မလွန်ဆန်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ပြည်တွင်းက သြဇာခံမီဒီယာများကို မှန်မှန်ကန်ကန်တုံ့ပြန်ရှင်းပြရမည့်အစား ကိုယ်ကပါရောယောင်ပြီး မီဒီယာထောက်ခံမှုလိုချင်နေသည်။

ထိုသို့ မီဒီယာထောက်ခံမှုလိုချင်နေသည့်အတွက် အမှန်ကို မမြင်နိုင်ပဲ အမှောင်ဖုံးခဲ့ရခြင်းဖြစ်သည်။
ထိုမျှမကသေး ရေအားလျှပ်စစ်ကို ကြည့်ပါကလည်း မည်မျှစွမ်းဆောင်နိုင်ခဲ့သနည်း။ အနှစ်၂၀ အတွင်း ဗီယက်နမ်ရေအားလျှပ်စစ် မဂ္ဂါဝပ် ၁၆၀၀၀၊ လာအိုရေအားလျှပ်စစ် ၆၀၀၀ ကျော်၊ ထုတ်လုပ်နိုင်ခဲ့သည်။မိမိတို့ဆီမှာရော ဘာတွေထုတ်လုပ်နိုင်ခဲ့သလဲ။ သမိုင်းအထောက်အထားများက လိမ်လည်၍မရပါ။

နောင်တစ်ချိန်တွင် သမိုင်းဖြစ်လာမည့် လက်ရှိကာလ လျှပ်စစ်မီး အခက်အခဲကို အဖြေတစ်ခုထုတ်ရန် လိုအပ်လာပေပြီ။ လက်ရှိအစိုးရနှင့် နည်းပညာရှင်များစုပေါင်း၍ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုသလို အကုန်အကျသက်သာပြီး မြန်ဆန်မည့် နည်းလမ်းတစ်ခုခုကို ရွေးချယ်သင့်ပေသည်။ မိမိတို့၏ တောတောင်ရေမြေ သဘာဝနှင့်ကိုက်ညီသော နည်းလမ်းများကို ဦးစားပေးရွေးချယ်ကာ ပြည်သူတို့အတွက် ထွန်းလင်းတောက်ပသော အနာဂါတ် ပုံဖော်နိုင်ပါစေကြောင်း အကြံပြုလျက်…..

ဆက်ပါဦးမည်

ကောင်းဇေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။