Trending Now

အကြမ်းဖက်မှုတွေကို စာရင်းပြုစုပြီး ကုလသမဂ္ဂကို တင်ပြဖို့ န.စ.က ထုတ်ပြန်

Spread the love

အကြမ်းဖက်မှုတွေကို စာရင်းပြုစုပြီး ကုလသမဂ္ဂကို တင်ပြဖို့ န.စ.က ထုတ်ပြန်

EPN
မြစ်ကြီးနား၊ မတ် ၁၁

အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်အားပေးကူညီတဲ့ လူတစ်ဦးချင်း၊ အုပ်စု၊ အဖွဲ့အစည်းနဲ့ တာဝန်ခံတွေ စာရင်းကို ပုံစံနဲ့တကွ ပူးတွဲထုတ်ပြန်ကြေညာဖို့ နဲ့ လိုအပ်တဲ့အချက်အလက်တွေကို စာရင်းပြုစုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် ကုလကို ပေးပို့ဖို အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေကို န.စ.က ထုတ်ပြန်လိုက်ပါတယ်။

န.စ.က ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၂၊ ပုဒ်မခွဲ(က) အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ နည်းဥပဒေ ထုတ်ပြန်တာလို့ မတ် ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

ခိုင်လုံတဲ့ သတင်းအချက်အလက်အရဖြစ်စေ၊တင်ပြချက်အရဖြစ်စေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂ အရ စီရင်ပိုင်ခွင့်ရှိတဲ့ နေရာဒေသတွေမှာ အကြမ်းဖက်မှုကို ကျူးလွန်တာ၊ အားပေးတာ၊ ကူညီတာ၊ လှုံဆော်တာ ဒါမှမဟုတ် ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့သူတွေ၊ အုပ်စုတွေကို အထောက်အထားတွေနဲ့ ဗဟိုအဖွဲ့ကို တင်ပြရမယ်လို့ ဖော်ပြပါတယ်။

တင်ပြရမယ့်အချက်တွေထဲမှာ အကြမ်းဖက်မှုကျူးလွန်တဲ့ ဖြစ်စဉ်အကျဉ်းချုပ်၊ဖော်ထုတ်ရရှိတဲ့ အချက်အလက် နဲ့အထောက်အထားတွေ၊ အကြမ်းဖက်သမား ဒါမှမဟုတ် အကြမ်းဖက်အုပ်စုအမည် အကြမ်းဖက်အုပ်စုဝင် အသီးသီးရဲ့ အမည်နဲ့နေရပ်လိပ်စာတွေ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာတို့ ပါဝင်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမား ဒါမှမဟုတ် အကြမ်းဖက်အုပ်စုရဲ့ ကိုယ်ရေးရာဇဝင်၊ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ ပြည်တွင်း၊ပြည်ပ အကြမ်းဖက်သမား ဒါမှမဟုတ် အကြမ်းဖက်အုပ်စုအပါအဝင် အကြမ်းဖက်အဖြစ် ကြေညာဖို့လိုအပ်တဲ့ အကြောင်းအရင်းကိုလည်း တင်ပြရမှာပါ။

ဒါ့အပြင် မိမိတို့နိုင်ငံက ထုတ်ပြန်ကြေညာထားတဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အုပ်စုတွေကို ကုလ သမဂ္ဂနဲ့ နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေး အဖွဲ့အစည်းတွေထံ အချက်အလက်ပေးပို့ရမှာဖြစ်ပြီး ဖြစ်နိုင်သလောက် အရေးယူရမယ်လို့ နည်းဥပဒေမှာ ဖော်ပြပါတယ်။

အဲဒီလို ထုတ်ပြန်ကြေညာတဲ့ အကြမ်းဖက်သူနဲ့ အုပ်စုတွေ၊ သူတို့ကို အားပေးကူညီသူတွေနဲ့ တနည်းနည်းနဲ့ ငွေကြေးထောက်ပံ့တဲ့ ပြည်ပနိုင်ငံက အဖွဲ့အစည်းတွေကိုလည်း အရေးယူဖို့ သက်ဆိုင်ရာပြည်ပနိုင်ငံရဲ့ အာဏာပိုင်ကို အကြောင်းကြားရမယ့်အပြင် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ ကိုလည်း အလျင်အမြန် အကြောင်းကြားရမယ်လို့ ဆိုထားပါတယ်။

အကြမ်းဖက်အုပ်စု ဒါမှမဟုတ် ဆက်နွယ်ပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ တာဝန်ခံတွေ ပိုင်ဆိုင်တဲ့ ငွေကြေး၊ပစ္စည်းတွေကို တနည်းနည်းနဲ့လွှဲပြောင်းတာ၊ပြောင်းလဲတာ၊ဖုံးကွယ်တာ၊ဖျောက်ဖျက်တာနဲ့ အသွင်ပြောင်းလဲတာတို့ မပြုလုပ်နိုင်အောင် အမိန့်ထုတ်ပြန်ရမှာဖြစ်ပြီး အဲဒီငွေကြေးနဲ့ပစ္စည်းတွေကို ငွေကြေးဝန်ဆောင်မှု၊ လွှဲပြောင်းမှုတွေကို ဘယ်သူမှ မပြုလုပ်ဖို့ တားမြစ်ချက်ထုတ်ပြန်ရမယ်လို့ နည်းဥပဒေမှာ ဖော်ပြထားပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။