Trending Now

မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်တွင် အသေးစား ကျောက်စိမ်းတူဖော်မှုများ ပြုလုပ်နေ

Spread the love

မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်တွင် အသေးစား ကျောက်စိမ်းတူဖော်မှုများ ပြုလုပ်နေ

EPN

မိုးကောင်၊ ဇွန် ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နန့်ရင်း ရပ်ကွက် အတွင်းရှိ လူနေမှုမရှိသည့် ခြံဝန်း အလွတ်များ၊ ရပ်ကွက် ‌ရေစီးရေလာ မြောင်းများတို့ တွင် အသေးစား ကျောက်စိမ်းတူးဖော်မှုများ ပြုလုပ်နေကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်တွင် ယခင်ခေတ်ကာလတုန်းက တရုတ်လောပန်းများ ကျောက်ဖြတ်ရုံ ဖွင့်ခဲ့သည့်အတွက် အခြားရပ်ကွက်မှ ဒေသခံများ၊ ရပ်ကွက်နေ ပြည်သူတချို့ အသေးစားအဆင့် ကျောက်စိမ်းတူးဖော်နေကြောင်း အဆိုပါ ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

” မိုးကောင်းမြို့ပေါ်၊ နန့်ရင်း ရပ်ကွက်မှာ ညပိုင်းအချိန်ဘက်မှာဆိုရင် တစ်ပိုင်တနိုင် ကျောက်စိမ်းတူးနေကြတယ်။ လမ်းဘေးမှာတွေ၊ လူမနေတဲ့ ခြံဝန်းမှာတွေ၊ ကိုယ့်ခြံ ကိုယ့်ဝန်းထဲမှာတွေ၊ တူးနေကြတယ်။ အဲ့လိုတူးလို့ ကျွင်းတွေဖြစ်တယ်။ လမ်းတွေ ပျက်တယ်။ တားမယ့်သူလည်း မရှိကြဘူး။ မိုးတွင်းဆို ဒုက္ခရောက်ကြမှာ။ တချို့ နေရာတွေမှာဆို ကျွင်းကြီးတွေဖြစ်လို့။ အိမ်ပါပြိုနိုင်တယ် ” ဟု အမည်မဖော်လိုသူ ရပ်ကွက်နေပြည်သူ တစ်ဦးက ရှင်းပြသည်။

အဆိုပါ ရပ်ကွက်သည် ရှေးယခင်တုန်းက တရုတ်လောပန်းများ ကျောက်ဖြတ်ရုံ အမြောက်အများ ဖွင့်ခဲ့သည့် ကျေးရွာတစ်ခု ဖြစ်ခဲ့သည့်အတွက် လက်ရှိအချိန်တွင် လည်းကောင်း ကျောက်ဖြတ်သားများ ရရှိမည် ဆိုသည့် အတွေးနှင့် နန့်ရင်းရပ်ကွက်တွင် ကျောက်စိမ်းတူးဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း နန့်ရင်းရပ်ကွက်အတွင်း ပြီးခဲ့သည့် နှစ်များက လမ်းကောင်းမွန်စေရန်အတွက် ရပ်ကွက်နေ ပြည်သူများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ရပ်ကွက်ရှိ လမ်းများကို( ကွန်ကရစ် ) လမ်းခင်းရာမှ ကျောက်စိမ်းမျာ ရရှိခဲ့သည့်အတွက် လက်ရှိအချိန်တွင် ဒေသခံများက ဆက်လက်တူးဖော်နေကြခြင်း ဖြစ်သည်။

မိုးကောင်းမြို့ ၊ နန့်ရင်းရပ်ကွက်တွင် စည်းကမ်းမဲ့ လုပ်ဆောင်နေသည့် ကျောက်စိမ်းတူးဖော် နေမှုများကို သက်ဆိုင်ရာမြို့နယ် တာဝန်ရှိ အဖွဲ့အစည်းများက အမြန်ဆုံး တားမြစ်ပေးရန် လိုအပ်နေကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ထည့်‌သွင်းပြောသည်။

” အရင်းတုန်းက ရပ်ကွက်ထဲမှာ ကွန်ကရစ် လမ်းခင်းတော့ ဘေးမြေသားတွေ တူးတာမှာ ကျောက်စိမ်းလေးတွေ ရတယ်ကြားတယ်။ အဲ့လို ရတော့ ကိုယ့်အိမ်သူ့အိမ် မြေလွတ်မှာ တူးကြတယ်။ အခုဆို မြို့ပေါ်တွေပါ တူးလာကြတယ်။ ဘယ်သူမှ မတားကြဘူး။ အားလုံးလည်း သိတယ်။ မိုးတွင်းကာလမှာ ရေကြီးလျှံ ဖြစ်လာရင် အကုန်ဒုက္ခရောက်ကြမှာ တားဖို့လိုနေပြီ ” ဟု ၎င်းက ရှင်းပြသည်။

ကချင်ပြည်နယ်အတွင်း၌ သဘာဝသယံဇာတ တူးဖော်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက တရားဝင် ပိတ်ပင်ထာကြောင်း သိရသော်လည်း လက်ရှိအချိန်တွင် လိုက်နာမှုမရှိပဲ ခိုးတူးနေမှုများ ရှိနေကြသည်အတွက် ခိုးတူးနေမှုများကို အစိုးရအဖွဲ့အစည်းမှ တပ်မတော် အဖွဲ့အစည်းနှင့် ပူးပေါင်း၍ ဖမ်းဆီး အရေးယူဆောင်ရွက်ထားသည့် ကဏ္ဍများ ရှိနေကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။