Trending Now

ဝိုင်းမော်မြို့နယ်အတွင်းရှိ ငှက်ပျောဆိုက်များတွင် တစ်ညအတွင်း ဓါးပြတိုက်မှု နှစ်ကြိမ်ဖြစ်ပွား၊ ငွေသား သိန်းလေးရာခန့် နှင့် လက်ဝတ်ရတနာ အမြောက်အများ ပါသွား

Spread the love

ဝိုင်းမော်မြို့နယ်အတွင်းရှိ ငှက်ပျောဆိုက်များတွင် တစ်ညအတွင်း ဓါးပြတိုက်မှု နှစ်ကြိမ်ဖြစ်ပွား၊ ငွေသား သိန်းလေးရာခန့် နှင့် လက်ဝတ်ရတနာ အမြောက်အများ ပါသွား

EPN
မြစ်ကြီးနား၊ မတ်လ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာအုပ်စု၊ တာစန့်ကျေးရွာ သွားလမ်းအနီးရှိ ထိန်မင်းကုမ္ပဏီ ငှက်ပျောခြံ ဆိုက်ခွဲ နှစ်နေရာတွင် ယမန်နေ့က တစ်ညအတွင်း ဓါးပြတိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ငွေသားသိန်းလေးရာခန့်နှင့် လက်ဝတ်ရတနာ အမြောက်အများ ပါသွားကြောင်း ယင်းကုမ္ပဏီတာဝန်ခံထံမှ သိရသည်။

စန်းကား ကျေးရွာအုပ်စု တာစန့်ကျေးရွာသွားလမ်းရှိ ထိန်မင်းကုမ္ပဏီ ငှက်ပျောခြံဆိုက်ခွဲ တစ်ခုတွင် မတ်လ (၂၀) ရက်နေ့ ည (၁၀) နာရီခွဲ အချိန်ခန့်က အမျိုးသား ၇ ဦးခန့်က တုတ်၊ ဓါးများ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ငှက်ပျော ကုမ္ပဏီ လောပန်များထံမှ ငွေသားနှင့် လက်ဝတ် ရတနာ ရွှေထည်များ ဓါးပြတိုက် ယူဆောင်သွားကြောင်း ထိန်မင်းကုမ္ပဏီ တာဝန်ခံ တစ်ဦးက ပြောပြသည်။

“မတ်လ (၂၀) ရက်နေ့ ည ၁၀နာရီခွဲ ချိန်လောက်မှာ အမျိုးသား (၇) ဦး လောက် ရောက်လာပြီး အိမ်တံခါးတွေကို ဖျက်ဆီးဝင်ရောက်ပြီး အိမ်ထဲအိပ်နေတဲ့ ပိုင်ရှင်တွေကို ဓါးနဲ့ထောက်ပြီး မီးခံသေတ္တာထဲ ထည့်ထားတဲ့ ငွေတွေ နောက်ပြီး၊ အမျိုးသမီးမှာ ဝတ်ထားတဲ့ ရွှေတွေ အကုန်ချွတ်ယူသွားတယ် လူကိုတော့ ဘာမှ မလုပ်သွားဘူး၊ အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားတွေရဲ့ မှန်တွေကို ရိုက်ခွဲသွားတယ်“ ဟု ၎င်းက ပြောသည်။

ထို့အပြင် ယင်းဓါးပြအဖွဲ့သည် နာရီဝက်ခန့်အကြာတွင် ထိန်မင်းကုမ္ပဏီ၏ နောက်ထပ် ငှက်ပျောခြံ ဆိုက်ခွဲတစ်ခု၌ ထပ်မံ၍ ငွေသားနှင့် ရွှေထည်များကို ဓါးပြတိုက်ကာ ယူဆောင်သွားကြသည်ဟုလည်း သိရသည်။

“ပထမ ဓါးပြတိုက်တဲ့ နေရာနဲ့ နည်းနည်းလှမ်းတဲ့ နောက်ထပ်ဆိုက်တစ်ခုမှာလည်း သူတို့အဖွဲ့က ဓါးပြထပ်တိုက်သွားတယ်၊ အဲ့ဒီမှာ လောပန် လင်မယားနဲ့ ထမင်းချက် အမျိုးသမီးတို့ နေကြတယ်၊ အဲ့မှာလည်း မီးခံသေတ္တာသော့ ဖွင့်ခိုင်းပြီး ငွေသားတွေယူတယ် ပြီးတော့ လောပန်အမျိုးသမီးမှာဝတ်ထားတဲ့ ရွှေထည်တွေ အကုန်ချွတ်ယူသွားတယ် “ဟု ထိန်းမင်းကုမ္ပဏီ တာဝန်ခံက ဆိုသည်။

အဆိုပါ ဓါးပြတိုက်မှု နှစ်ကြိမ် ဖြစ်ပွားမှုတွင် ငွေသားနှင့် ရွှေထည်များ အပြင် (125) ဆိုင်ကယ် တစ်စီး အပါအဝင် ငွေသား သိန်းလေးရာခန့်နှင့် လက်ဝတ်ရတနာ အမြောက်အများ ပါသွားကြောင်း သိရပြီး ယင်း လက်ဝတ်ရတနာများ၏ ကာလတန်ဖိုးအား အတိကျ မသိရှိရသေးကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့ မတ်လ (၂၁) ရက်နေ့ က ဆက်သွယ် အကြောင်းကြား တိုင်ချက်ဖွင့်ထားကြောင်း သိရပြီး အဆိုပါ ဖြစ်စဉ်အား နယ်မြေခံ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ပြီး ဓါးပြတိုက်မှု ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။