Trending Now

လင်မယားနှစ်ဦး မြေကွက်သွားကြည့်စဉ် ပျောက်ဆုံးသွားသည့် အမျိုးသားကို ဧရာဝတီ မြစ်ကမ်းနံဘေး ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

Spread the love

လင်မယားနှစ်ဦး မြေကွက်သွားကြည့်စဉ် ပျောက်ဆုံးသွားသည့် အမျိုးသားကို ဧရာဝတီ မြစ်ကမ်းနံဘေး ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ
EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ (၅) အတွင်း ယမန်နေ့၊ ဒီဇင်ဘာလ (၂၀)ရက်နေ့၊ နေ့လည် (၂)နာရီခန့်က လင်မယားနှစ်ဦး အိမ်ဆောက်ရန် ၎င်းတို့ ပိုင်ဆိုင်သည့် မြေကွက်သွားကြည့်စဉ် ပျောက်ဆုံးသွားသည့် အမျိုးသားကို ဧရာဝတီ မြစ်ကမ်းနံဘေး ဓားဒဏ်ရာ (၅)ချက်ခန့်ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရဲစခန်းမှ သိရသည်။
သေဆုံးသူ ( ဦးဂွမ်ဆယ်) နှင့် ဇနီး ဒေါ်ဂျာမိုင် တို့သည် ၎င်းတိုိ့ပိုင် မန်ခိန်ရပ်ကွက်၊ နယ်မြေ(၅)တွင် ဝယ်ယူထားသည့် မြေကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကြည့်ရှူနေစဉ် ဇနီးဖြစ်သူမှ အိမ်သာတက်ရန် မြေကွက် အနီး ဝါးရုံတောအတွင်းသို့ သွားရောက်ခဲ့ရာ မြေကွက် အတွင်းပြန်ရောက်လာစဉ် ခင်ပွန်းဖြစ်သူ ပျောက်ဆုံးနေကြောင်းသိရပြီး လိုက်လံရှာဖွေရာ ဧရာဝတီမြစ်ကမ်းဘေးတွင် ခင်ပွန်းဖြစ်သူကို ဓားဒဏ်ရာ (၅)ချက်ခန့် ဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း အနီးအနားရှိ ရပ်ကွက်နေသူတစ်ဦးကပြောသည်။
” အဲ့ဒီ ဦးလေးနဲ့ အမ က မြေကွက်ထဲ အိမ်ဆောက်မယ် ဆိုပြီး သွားကြည့်တာတဲ့၊ အမက အိမ်သာတက်မယ်ဆိုပြီး မြေကွက်ရဲ့ ဘေးနားက ဝါးတောထဲသွားတာ၊ ပြန်လာတော့ သူယောင်္ကျားကို မတွေ့တော့ဘူး၊ အဲ့ဒါနဲ့ ပတ်ပတ်လည် လိုက်ရှာတဲ့အချိန်မှာ မြေကွက်ရဲ့ အရှေ့ဘက်က ဧရာဝတီမြစ်ကမ်းနံဘေးမှာ ဓားဒဏ်ရာတွေနဲ့ သေနေတာကို တွေ့ရတာပဲ၊ ဖုန်း၊ ပိုက်ဆံတွေ ဘာမှ ပျောက်ဆုံးသွားတာလဲ မရှိဘူးလို့ သိရတယ်၊ အဲ့တာနဲ့ အနားကလူတွေကိုကော၊ သူတို့ အိမ်ကလူတွေကောခေါ်ပြီး သက်ဆိုင်ရာနဲ့ အတူ ဆေးရုံကြီးကိုပို့လိုက်တာ ” ဟု ၎င်းကပြောသည်။
ယင်း လူသတ်မှု ဖြစ်စဉ်မှာ မန်ခိန် – ရွှေစက်သွား လမ်းအနီး၊ မန်ခိန်ရပ်ကွက် ၊နယ်မြေ (၅)၊လမ်းသွယ် (၂၇) အတွင်း ဖြစ်ပွားခဲ့ကာ သေဆုံးသူမှာ အသက် (၅၃) နှစ်အရွယ် ရွှေစက်ရပ်ကွက် ၊ နယ်မြေ (၅) အတွင်း နေထိုင်သူ ဦးဂွမ်ဆယ် ဆိုသူဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ဦးဂွမ်ဆယ်တွင် လည်ပင်း ညာဘက် (၁၀) လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက်၊ လည်ပင်း ဘယ်ဘက် (၅)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ နောက်ကျော်တွင် (၁) လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဦးခေါင်းထိပ် (၅) လက်မခန့် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဦးခေါင်းနောက်ဘက် (၈) လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက် စုစုပေါင်း ဓားဒဏ်ရာ (၅)ချက်ခန့် ဖြင့် သေဆုံးခဲ့ရကြောင်းသိရသည်။
အဆိုပါ သေဆုံးမှု နှင့်ပက်သက်၍ ဇနီးဖြစ်သူ ဒေါ်ဂျာမိုင်သည် သတ်ဖြတ်သွားသူများကို စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် မြစ်ကြီးနားမြို့၊ ပလန နယ်မြေရဲစခန်းတွင် (ပ- ၁၀၁) အမှုကြီးဖြစ်စဉ် အမှတ် (၁၈) ၊၂၀၂၂ ခုနှစ် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် တိုင်းတန်းထားကြောင်း သိရသည်။
ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။