Trending Now

လီဆူ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းနှင့်အဖွဲ့ စီးနင်းလာသောကား ခြုံခိုတိုက်ခိုက်ခံရသဖြင့် ကျဆုံး

Spread the love

လီဆူ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းနှင့်အဖွဲ့ စီးနင်းလာသောကား ခြုံခိုတိုက်ခိုက်ခံရသဖြင့် ကျဆုံး

EPN
ဝိုင်းမော်၊ မတ် ၇ (၂၀၂၄)

ဝိုင်းမော်မြို့နယ်၊ ခါးရှီကျေးရွာအနီး၌ ယနေ့၊ နံနက်ပိုင်း အချိန်ခန့်က လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းနှင့် အဖွဲ့ စီးနင်းလာသောကားအား KIA၊ PDF ပူးပေါင်းအဖွဲ့မှ ခြုံခိုတိုက်ခိုက်သဖြင့် ဦးရွှေမင်း အပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ အောင်မြေ (၁) ပြည်သူ့စစ်စခန်းနှင့် ရွှေညောင်ပင် ခမရ (၃၂၁) တပ်မတော်စခန်းတို့အား ယနေ့ မတ်လ ၇ ရက်၊ နံနက် ၅ နာရီအချိန်ခန့်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့က တပြိုက်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး၊ ယင်းတိုက်ပွဲ ဖြစ်ပွားသည့်လမ်းကြောင်း၌ ဦးရွှေမင်းနှင့်အဖွဲ့ စီးနင်းလာသည့် ကားသည်လည်း ခြုံခိုတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံ ပြည်သူတစ်ဦးက ယခုကဲ့သို့ ပြောပြသည်။

” ခါးရှီးကျေးရွာအနီးမှာ ဖြစ်သွားတာ။ သူ့ယာဥ်တန်းကို ဟိုဘက်က ခြုံခိုတိုက်ခိုက်တာ။ သူ့ယာဥ်တန်းကို တိုက်ခိုက်တဲ့အချိန်နဲ့ ဟိုဘက်မှာလဲ တိုက်ပွဲဖြစ်တာက တစ်ချိန်တည်းပဲ။ ပြီးတော့ ကားပါ မီးရှို့ဖျက်ဆီးလိုက်ကြတယ်။ သူ့က သူ့အဖွဲ့တွေဆီ သွားတာ ထင်တယ်။ သူ့ကားလာမယ်ဆိုတာ သိလို့ စောင့်ပြီး ချောင်းမြောင်းတိုက်ခိုက်ကြတာထင်တယ် ” ဟု ၎င်းက ဆိုသည်။

ဆွဲမိုင်းဖြင့် စောင့်ဆိုင်းကာ ချောင်းမြောင်းတိုက်ခိုက်ခံရမှုကြောင့် ဦးရွှေမင်း အပါအဝင် ကားပေါ်လိုက်ပါလာကြသော ပြည်သူ့စစ် တပ်ဖွဲ့ဝင် အချို့လည်း ကျဆုံးရခြင်း ဖြစ်ကြောင်းနှင့် ဦးရွှေမင်းနှင့် အဖွဲ့ဝင်အချို့ ကျဆုံးခြင်းသည် အမျိုးသားရေးအတွက် တိုင်းပြည်အတွက် ဆုံးရှုံးမှု တစ်ခုအဖြစ် ဝမ်းနည်းဖွယ်ဖြစ်သော်လည်း တိုင်းပြည်အတွက် အမျိုးသားရေးအတွက် ကြိုးပမ်းရင်း အသက်ပေးသွားခြင်းဖြစ်သဖြင့် ဦးရွှေမင်းနှင့် ကျဆုံးသူ တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ယူနေမည်ဖြစ်ကြောင်း ‌ဦးရွှေမင်းအား ထောက်ခံသူများက ဆိုနေကြသည်ကို ကြားသိရသည်။

အလားတူ မတ်လ ၇ ရက်နေ့၊ ယနေ့ နံနက် ၅နာရီခွဲအချိန်ခန့်တွင် လည်း KIA၊ PDF ပူးပေါင်းအဖွဲ့များက မြစ်ကြီးနား – ဗန်းမော် လမ်းရှိ တပ်မတော် စခန်းများနှင့် ပြည်သူ့စစ် စခန်းများကို လူအင်အား၊ လက်နက်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပြီး ယင်းတိုက်ပွဲများကြောင့် နောက်ဆက်တွဲအနေဖြင့် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်၊ အောင်မြေ (၁)၊ (၂)၊ ခါးရှီ၊ နန်ဆန်ယန်၊ ကဇူး၊ မဒီးယန် စသည့် ဒေသကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။