Trending Now

မြစ်ကြီးနားမြို့အား ပန်းမြို့တော် စီမံချက်ဖြင့် စိုက်ပျိုးသွားမည့် ပန်းပျိုးပင်များကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး လိုက်လံကြည့်ရှု့စစ်ဆေး

Spread the love

မြစ်ကြီးနားမြို့အား ပန်းမြို့တော် စီမံချက်ဖြင့် စိုက်ပျိုးသွားမည့် ပန်းပျိုးပင်များကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး လိုက်လံကြည့်ရှု့စစ်ဆေး

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၃ (၂၀၂၃)

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် စီမံချက်ချမှတ် ဆောင်ရွက်လျှက် ရှိရာ မြို့တွင်း၌ စိုက်ပျိုးမည့် ပန်းပင်များအတွက် ပျိုးဉယျာဉ်ခြံများတွင် ပျိုးပင်များ စိုက်ပျိုးထားရှိမှုကို ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ ယမန်နေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် စီမံချက်ချ၍ ပြည်ထောင်စုလမ်းမကြီး၊ ဆွမ်ပရာဘွမ် လမ်းမကြီး တစ်လျောက်နှင့် အဓိကလမ်းမကြီးများရှိ လမ်းလယ်ကျွန်းများ၊ လမ်းဆုံ အဝိုင်းနှင့် တြိဂံ မြေနေရာများ စသည့် လမ်းဘေး လက်ဝဲလက်ယာ နေရာ ၁၆ ခုကို ပြုပြင် ဆောင်ရွက်ကာ အလှပန်းပင်များကို စိုက်ပျိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာများတွင် အလှပန်းပင်များ စိုက်ပျိုးရန် ပြည်ပမှ မှာယူထားသည့် ပျိုးပင်များ စိုက်ပျိုးထားမှု ရှင်သန်ကြီးထွားမှု ရှိ၊ မရှိကို စက်တင်ဘာလ ၁၂ ရက် နေ့ နံနက်ပိုင်းက ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ လိုက်လံကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

“အဓိက ရည်ရွယ်ချက် ကတော့ ခရီးသွား ပြည်သူများကို ဆွဲဆောင်နိုင်ဖို့ အတွက် မြစ်ကြီးနားမြို့ကို ပန်းမြို့တော်အဆင့် ဖြစ်အောင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နောက်ဆုံးအပတ်ကစပြီး အကောင်အထည်ဖော် စီမံချက်တွေရေးဆွဲခဲ့ပြီး ပန်းမြို့တော်ဖြစ်အောင် ဆောင်ရွက်နေတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

မြစ်ကြီးနားမြို့တော်အား ပန်းမြို့တော် အဖြစ် ဆောင်ရွက်ရန် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီး၍ မြို့ပေါ်ရှိ ပျိုးဉယျာဉ်ခြံများတွင် အလှပန်းပင်၊ နှစ်ရှည်ပင်၊ အရိပ်ရစေမည့် အပင်များ၊ ပျိုးပင်များကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ ပြည်ထောင်စုလမ်းမကြီးဘေးရှိ တြိဂံနေရာ၌ စိုက်ပျိုးထားသော မြေယာရှုခင်းနှင့် အလှပန်းပင်များ စိုက်ပျိုးထားရှိမှုကိုတိုးချဲ့လုပ်ဆောင်၍ “Welcome to Myitkyina” အလှဆိုင်းဘုတ် လမ်းဘေးလက်ဝဲ လက်ယာတွင် မြေယာအလှပြုပြင်ဆောင်ရွက်ခြင်း၊ နှစ်ရှည် အရိပ်ရ ပန်းပင်များ ပြုစုပျိုးထောင်၍ ထပ်မံတိုးချဲ့စိုက်ပျိုးသွားမည်ဟု သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။