Trending Now

တစ်လနီးပါးကြာ ပျက်စီးနေသည့် မြစ်ကြီးနား – တနိုင်း လီဒိုလမ်းပိုင်းအား ပြုပြင်ဆောင်ရွက်ပေးရန် ဒေသခံများနှင့် ခရီးသွားပြည်သူများ လိုလားနေ

Spread the love

တစ်လနီးပါးကြာ ပျက်စီးနေသည့် မြစ်ကြီးနား – တနိုင်း လီဒိုလမ်းပိုင်းအား ပြုပြင်ဆောင်ရွက်ပေးရန် ဒေသခံများနှင့် ခရီးသွားပြည်သူများ လိုလားနေ

EPN
မြစ်ကြီးနား၊ စက်တက်ဘာ ၅ (၂၀၂၃)

ကချင်ပြည်နယ် တနိုင်းခရိုင် မြစ်ကြီးနား – တနိုင်းသွား လီဒိုလမ်းပိုင်း နောင်းမီ‌ကျေးရွာ နှင့် ဘန်ကောက်ကျေးရွာကြား၌ လမ်းပျက်စီး‌နေမှုသည် တစ်လနီးပါး ရှိလာပြီဖြစ်သော်လည်း ပြုပြင်ဆောင်ရွက်ခြင်းမရှိသေးသည့်အတွက် ပြုပြင်ဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံများနှင့် ခရီးသွားပြည်သူများ လိုလားနေကြသည်။

ယင်းလမ်းပိုင်းသည် ယခင်လ ဩဂုတ် ၁၀ ရက် ဝန်းကျင်ခန့်က မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့ခြင်း ဖြစ်ပြီး ခရီးသည် ကားများလည်း အဆက်မပြတ် သွာလာနေသည့် အတွက် လမ်း ပိုမိုပျက်စီးလာကာ ဒေသခံများ လယ်ယာမြေသို့ သွားလာရန် ခက်ခဲခြင်း၊ လယ်ယာမြေ လုပ်ကိုင်ရန် အလုပ်မတွင်ခြင်း စသည့် အခက်အခဲများ ကြုံတွေ့ နေရသည့် အတွက် တာဝန်ရှိသူများမှ အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးလိုကြောင်း ဘန်ကောက်ကျေးရွာနေ ပြည်သူအချို့က ဆိုသည်။

“လမ်းက အခု ပိုပိုဆိုးလာတယ် အရင်ကဆို ရွံ့နွံတွေက တစ်ပေနှစ်ပေလောက်ပဲနက်တာ၊ အခုက ငါးပေလောက်တောင် နက်နေပြီ။ လမ်းကပျက်နေတဲ့ကြားထဲ ကားတွေက အမြဲသွားနေတော့ ပိုဆိုးတာပေါ့။ ကျွန်တော်တို့တွေလည်း လယ်တောသွားဖို့ အဆင်မပြေဘူး အဲ့နားမှာပဲအချိန်ကုန်လို့ လယ်ယာတွေလုပ်ရတာ အချိန်မလောက်တာ မျိုးကြောင့် အလုပ်လည်းမတွင်ဘူး။ ထပ်ပြီး မပျက်စီးအောင် တာဝန်ရှိတဲ့သူတွေကြည့်ရှုပြီး ပြုပြင်စေချင်နေကြတယ်”ဟု ၎င်းတို့က ပြောသည်။

အဆိုပါ ပျက်စီးနေသည့်လမ်းပိုင်းနေရာတွင် ခရီးသည်ကားများ၊ ကုန်ကားများ ရက်တိုင်းလိုလို ဆယ်စီးအထက် ပိတ်မိနေခြင်းကြောင့် ခရီးသွားလာမှု အချိန်ကြာမြင့်ခြင်း၊ လယ်ထွန်စက်များဖြင့် ကားများကို ဆွဲတင်ခ များမှာလည်း ကျပ် သုံးသောင်း မှ တစ်သိန်းထိ ပေးဆောင်ရခြင်း စသည့် အခက်အခဲများလည်းရှိကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောပြသည်။

“အဲ့နားမှာက နေ့တိုင်းလိုလို ကားတွေအမြဲပိတ်တယ်။ ကားတစ်စီးဖြတ်သွားဖို့ကို အနည်းဆုံး နာရီဝက်နီးပါးအထိ ကြာတယ်။ အဲ့ဒါကြောင့် တစ်ရက် ခရီးက ညအိပ် ခရီး ဖြစ်သွားတယ်။ အခုဆို ကားသေးလေးတွေဆွဲတင်ခက သုံးသောင်း၊ ကားကြီးဆို ငါး သောင်း၊ ခြောက်သောင်းရှိတယ်။ ပစ္စည်းများရင် များသလို ဈေး ပေးရတယ်၊ တစ်သိန်းအထိလည်း ပေးရတာမျိုး ရှိတယ်။ လမ်းက ကြမ်းတော့ ကားတွေလည်း ပျက်တာ ခဏခဏပဲ၊ ဆီဖိုးနဲ့ ကားပြင်ခတွေ၊ အခုလို ကားတွေဆွဲတင်ခတွေပေးရတော့ ခက်ခဲမှုတွေ ကြုံတွေ့ရတာပေါ့”ဟု ၎င်းက ဆိုသည်။

မြစ်ကြီးနားမှ တနိုင်းသို့ ကားဖြင့်သွားလျှင် ယခင်တွင် ၆ နာရီခန့်သာ မောင်းနှင်ရ သော်လည်း လက်ရှိတွင် တစ်ညအိပ် ခရီးဖြင့် အချိန်ပေးသွားနေရကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။