Trending Now

တရားဥပဒေ စိုးမိုးမှု အားနည်းလာသည်ကို မီးမောင်းထိုးပြနေသော ဖားကန့်မြို့နယ်က မှုခင်းများ

Spread the love

တရားဥပဒေ စိုးမိုးမှု အားနည်းလာသည်ကို မီးမောင်းထိုးပြနေသော ဖားကန့်မြို့နယ်က မှုခင်းများ

EPN
ဆောင်းပါး၊ ဇွန်လ ၁၂ရက်နေ့

ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းဒေသလို့ တင်စားခေါ်ဝေါ်ရတဲ့ ဖားကန့်မြို့နယ်ဟာဆိုရင် တရားဥပဒေ စိုးမိုးမှု ရှိသေးရဲ့လားဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာရတဲ့အထိကို မှုခင်းဆိုင်ရာ ပြဿနာတွေ မြင့်တက်လာပါတယ်။ လူသတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ဓားပြမှုတွေ၊ လုယက်မှုတွေကို နေ့လည်ခင်းလို အချိန်မျိုးတွေမှာတောင် ကျူးလွန်လာကြတဲ့ အထိကို တွေ့မြင်လာရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မငြိမ်သက်မှုကြောင့် လုံခြုံရေး အားနည်းတာကို အခွင့်ကောင်းယူပြီး ဒုစရိုက်မှု ကျူးလွန်သူတွေက အတင့်ရဲစွာ ပြုလုပ်လာကြတာလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆို ကြတာတွေကိုလည်း တွေ့မြင်လာရပါတယ်။

ဖားကန့်မှာ နေ့စဉ်လိုလို လူသတ်မှုတွေ၊ ဓားပြမှုတွေ၊ လုယက်မှုတွေ ကျူးလွန်လာတာကို တွေ့မြင် လာရပါတယ်။ အခုချိန်အထိ ဘယ်လူသတ်မှုမှ လက်သည်တရားခံပေါ်တာကို မတွေ့ရသလို၊ ဘယ်အဖွဲ့ အစည်းကမှလည်း တာဝန်ယူဖြေရှင်းတာကို မတွေ့ရသေးပါဘူး။ အရင်ကဆိုရင် ဖားကန့်ကို အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး၊ အခုဆိုရင် အနီရောင်နယ်မြေလို့ တိုးမြှင့်သတ်မှတ် ထားပါတယ်။ ဖားကန့်နေ ပြည်သူတွေအတွက် အရမ်းကို ဆိုးဝါးတဲ့ အခြေအနေကို ရောက်ရှိလို့နေပါတယ်။ သဘာ၀ အရင်းအမြစ်တွေနဲ့ တိုးတက်ဖွံ့ဖြိုးနေရမယ့် ဖားကန့်လို နေရာမျိုးမှာ အခုလို မှုခင်းတွေ မြင့်တက်နေတာက ရုပ်ဆိုးအကျဉ်းတန်လှပါတယ်။

ဖားကန့်မှာ ဖြစ်ပွားခဲ့တဲ့ မှုခင်းတွေကို လက်လှမ်းမီသလောက် တင်ပြရမယ်ဆိုရင် မေလအတွင်းမှာ မရှီကထောင် ကြိုးတံတားထိပ်မှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ လူငယ်တစ်ဦး ရုပ်အလောင်းတွေ့ရှိမှု၊ ဆိပ်မူကျေးရွာမှာ လူငယ်တစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့မှု၊ ရှရော်ခ ညောင်ပင်ကုန်းတံတား အနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ လူငယ်နှစ်ဦး ရုပ်အလောင်းတွေ တွေ့ရှိခဲ့မှု၊ မှော်စီစာကျေးရွာအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ လူငယ်နှစ်ဦး ရုပ်အလောင်း တွေ့ရှိခဲ့မှု၊ ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်ရှိ ရှင်းရင်ဟိုတည်မှာ PDF နှစ်ဦး ဟော်တယ်ပေါ်မှ ခုန်ချသေဆုံးခဲ့ပြီး၊ KIA တပ်ဖွဲ့ဝင် ၂ ဦး၊ PDF ၈ ဦးနဲ့ လဝက ဒုဦးစီးမှုးတဦး ဖမ်းဆီးခံခဲ့ရမှု၊ လုံးခင်းကျေးရွာအထွက် အောင်ရာကျေးရွာ ဆိုင်းဘုတ်အနီး ပန်းရံဆရာတစ်ဦး ကျောက်ခဲ့ဖြင့် ထုသတ်ပြီး ဆိုင်ကယ်လုယက်ခံရမှု၊ အမျိုးသားတဦးသေနတ်ဖြင့်ပစ်ခံရမှု၊ လုံးခင်းကျေးရွာ ဥရုခ ဟိုတည်မှာ kia တပ်ဖွဲ့ဝင် (၅) ဦးဖမ်းခံရပြီး၊ (၄) ဦးလွတ်မြောက်ခဲ့မှု၊ စပေါ့ – မမုံ ဥရုချောင်းကူး တံတားအနီး အမျိုးသားတစ်ဦး ဆိုင်ကယ်လု သတ်ဖြတ်ခံထားရမှု၊ ဖားကန့်မြို့ မော်ဝမ်းရပ်ကွက် (၃) နေအိမ်တစ်ခုမှာ kia ရင်း (၆) မှ အရာခံဗိုလ် လဘုန် (ခ) ဒေါ့ဖုန်း၊ ဒုတပ်ကြပ် ဒိုင်ခေါင်တို့ကို ကျောက်စိမ်းအရိုင်းတုံး အများအပြားနဲ့ ဖမ်းဆီးခံရမှု၊ ဆိပ်မူကျေးရွာ သာယာကုန်း (ရှမ်းကုန်း) ရပ်ကွက်ရှိ သူဌေး (လောပန်း) တစ်ဦးအိမ် ဒမြတိုက်ခံရပြီး၊ ငွေသားသိန်းပေါင်း တစ်သောင်းကျော်နဲ့ ရွှေချောင်းများအပြင် မော်ဒယ်မြင့် မျက်ပြူး ဇိမ်ခံကား၂ စီးပါသွားမှု၊ ဆိပ်မူကျေးရွာရှိ သံယောဇဉ်နန်းတော် တည်းခိုခန်းပိုင်ရှင် မသီတာကို သတ်ဖြတ်ပြီးငွေနဲ့ အဖိုးတန်ပစ္စည်းတွေ ဓားပြတိုက်ခံရမှု တို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီလိုပဲ ဇွန်လအတွင်းမှာ ဆိုရင်လဲ ၃ရက်နေ့က လုံးခင်းသံတံတားထိပ်မှာ သေနတ်ကိုင်ထားတဲ့ လူငယ် (၇) ဦးကနေ သေနတ်များ ပစ်ဖောက်ပြီး ဇိမ်ခံအိမ်စီးကား (၅) စီးကို လုယက်သွားမှု၊ ၄ ရက်နေ့က လုံးခင်းကျေးရွာ ငြိမ်းချမ်းသာယာအပိုင်း ရပ်ကွက် (၃) နေအိမ်တစ်အိမ်ကို မျက်နှာဖုံးစွပ် အမည်မသိ သေနတ်သမားသုံးဦးကနေ ဓားပြဝင်တိုက်ပြီး အိမ်စီကားတစ်စီးနဲ့ ငွေသားသိန်းသုံးဆယ်၊ လက်ကိုင်ဖုန်းတစ်လုံး ယူဆောင်သွားမှု၊ ၇ ရက်နေ့က ဆိပ်မူကျေးရွာမှာ သတ်ဖြတ်ခံထားရတဲ့ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း နှစ်လောင်းတွေ့ရှိမှု၊ ၈ ရက်နေ့က ဆန်းကြွယ်ကျေးရွာအနီး မှော်တောင်းကျေးရွာမှာရှိတဲ့ နေအိမ်တအိမ်မှာ ထောက်ပို့ ၃ ဦးဖမ်းဆီးခံရပြီး၊ တစ်ဦးသေဆုံးခဲ့မှု၊ ၉ ရက်နေ့က လုံးခင်းကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးမှုး ဦးကျော်ဆွေကို အမည်မသိ သေနတ်သမားတွေရဲ့ ပစ်သတ်ခံရမှု တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

အခုဆိုရင် အစိုးရက တရားဝင် ခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ချို့ဆို နှုတ်ထွက်စာ တင်လာရတဲ့အထိ စိုးရိမ်ကြောင့်ကြမှုတွေ ရှိလာပါတယ်။ ဒီလိုသာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ခဲ့မယ်ဆိုရင် ဖားကန့်မြို့နယ်အတွင်းက ရပ်ကျေးတွေမှာ အုပ်ချုပ်မှု ကင်းမဲ့ပြီး အခြေအနေတွေ အခုထက် ပိုမိုဆိုးဝါး လာနိုင်ပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အလွန်ပဲ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာနိုင်ပါတယ်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ဒုစရိုက် သမားတွေအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးသလို ဖြစ်နိုင်ပါတယ်။ အုပ်ချုပ်မှု ကင်းမဲ့ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ပြောမပြနိုင်လောက်အောင် ဆိုးရွားလှပါတယ်။

ဖားကန့်မြို့ဟာဆိုရင် ရေကြည်ရာ မြက်နုဆိုသလို ရွှေ့ပြောင်းလုပ်သားတွေ အများဆုံး တည်ရှိတဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ နေရာပေါင်းစုံ၊ ဒေသပေါင်းစုံက ရွှေ့ပြောင်းလုပ်သားတွေရဲ့ မျှော်လင့်ချက် အိမ်မက်မြို့တော်တစ်ခု ဆိုရင်လဲ မမှားပါဘူး။ သို့သော်လည်း နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက်ပိုင်း စားဝတ်နေရေး ကြပ်တည်းမှုတွေ၊ အလုပ်အကိုင် အဆင်မပြေမှုတွေက ရွှေ့ပြောင်းလုပ်သားတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လို့လာပါတယ်။ ဒီလိုမျိုး အခြေအနေမှာ မှုခင်းဖြစ်ပွားမှုနှုန်း မြင့်တက်လာမှုကလည်း ရွှေ့ပြောင်းလုပ်သားများအတွက် အခက်အခဲ အကြပ်အတည်းကို ဖြစ်စေပါတယ်။

မှုခင်းတွေ မြင့်တက်လာတဲ့ အကြောင်းအရာတွေထဲမှာ ဒုစရိုက် သမားတွေရဲ့ လုပ်ဆောင်မှုက အဓိက ဖြစ်ပေမယ့်လည်း မူးယစ်ဆေးသုံးစွနေကြတဲ့ မူးယစ်သားကောင် လူငယ်တွေနဲ့ စားဝတ်နေရေး ကြပ်တည်း မှုကြောင့် ထွက်ပေါက်ရှာရင်းကနေ ဒုစိုက်သမား ဖြစ်သွားတဲ့ သူတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ နောက်တစ်ချက်က နိုင်ငံရေး မတည်ငြိမ်မှုကို အမြတ်ထုတ်တဲ့ ဒုစရိုက် လောဘသားကောင် တွေကြောင့်လည်း မှုခင်းတွေ မြင့်တက်လာရတာ ဖြစ်ပါတယ်။ လက်နက်တွေ အလွယ်တကူ ရရှိနေတာကလည်း မှုခင်းဖြစ်စေတဲ့ အကြောင်းအရာတွေထဲက တစ်ချက်အပါအဝင် ဖြစ်ပါတယ်။

မူးယစ်ဒုစရိုက်သမား တွေကလည်း ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားနေတာကို အခွင့်ကောင်း ယူလာကြတယ်လို့ မြင်မိပါတယ်။ ကိုဗစ်ကြောင့် တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ သောကမီး ဝိုင်းနေတဲ့အချိန် နိုင်ငံရေးမီးပါ ဆက်လက်လောင်ကျွမ်းတဲ့အပေါ် အခွင့်ကောင်းယူပြီး အတင့်ရဲစွာနဲ့ကို လုပ်ဆောင်လာကြတာကို တွေ့မြင်နေရပါတယ်။ အခုကာလက လွန်စွာအရေးကြီးတဲ့ ကာလကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ နယ်မြေ မအေးချမ်းမှုကို အခွင့်ကောင်းယူပြီး ဒုစရိုက်မှုတွေ ပြုလုပ်နေတဲ့ အခုလိုကာလမျိုးမှာ မူးယစ်ကျေးကျွန် ဖြစ်နေတဲ့ လူငယ်တွေ အသုံးချခံဘဝကို ရောက်ရှိသွားနိုင်ပါတယ်။ နိုင်ငံရေးသမား တစ်ချို့ရဲ့ ကိုယ်ကျိုး အတွက် အသုံးချခံရတဲ့ ဘဝကို ရောက်ရှိသွားနိုင် လို့ပါပဲ။ မူးယစ်သားကောင်ဘဝ ရောက်ရှိနေတဲ့ လူငယ် တွေမှာ စဉ်းစားချင့်ချိန် နိုင်စွမ်းဆိုတာ မရှိသလောက် ဖြစ်နေပါပြီ။ ဒီလို အခြေအနေမျိုးကို ထိန်းချုပ်နိုင်ဖို့က လွန်စွာအရေးကြီးပါတယ်။ မျိုးဆက်သစ်လူငယ်တွေ လမ်းမှားမရောက်စေဖို့၊ အသုံးချခံဘဝတွေ မဖြစ်စေဖို့ ဂရုစိုက်ရမယ့် အချိန်ကာလ တစ်ခုလည်းဖြစ်ပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေအပြင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖနဲ့ ပြည်သူတွေ ပူးပေါင်း အရေးယူ ဆောင်ရွက်ရမယ့် အချိန်ကာလ တစ်ခုလည်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး အန္တရာယ်ကို ထိန်းချုပ် နိုင်မှသာလျင် မှုခင်းလျော့ကျရေးကို တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ လက်ရှိ အခြေအနေကိုသာ ကိုင်တွယ်နိုင်ခြင်း မရှိဘူးဆိုရင် နောက်ဆက်တွဲ ကြုံတွေ့လာနိုင်တဲ့ အန္တရာယ်တွေက ရင်လေးစရာပင် ဖြစ်နေတာကြောင့် အားလုံးပူးပေါင်းပါဝင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

မြစ်ကြီးနားမှာဆိုရင်လည်း ယခင်က မူးယစ်ဆေးသုံးစွဲသူတွေကို နှိမ်နင်းဖို့အတွက် ပက်ဂျီဆန်လို အဖွဲ့မျိုးတွေနဲ့ ဆောင်ရွက်ခဲ့တာကို သိကြမယ်လို့ ထင်ပါတယ်။ ရမ်ပူရပ်ကွက်မှာ ဆိုရင်လည်း ရပ်မိရပ်ဖနဲ့ လူငယ်တွေ စုပေါင်းပြီး မူးယစ်ဆေးသုံးစွဲသူတွေကို ဖမ်းဆီးအသိပညာ ပေးတာတွေ လုပ်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး မူးယစ်ဆေး သုံးစွဲသူတွေကို သာမက ဒုစရိုက်ပြုလုပ်မယ့် သူတွေကိုပါ တားဆီးကာကွယ်ရမှာ ဖြစ်ပါတယ်။ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်တွေအတွက် ပြည်သူတွေ ဝိုင်းဝန်းပြီး ကာကွယ်ရမယ့် အနေအထား တစ်ခုကို ရောက်ရှိနေပါပြီ။ တိကျသေချာတဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းပြီး ကိုယ့်မြို့နယ်၊ ရပ်ကွက် အလိုက် ပူးပေါင်းပါဝင်မယ်ဆိုရင် ဒုစရိုက်မှုတွေကို နှိမ်နှင်းနိုင်မှာဘဲ ဖြစ်ပါတယ်။

အခုဆိုရင် ဖားကန့်မြို့ဟာ မှုခင်းတွေ ဆက်တိုက်မြင့်လာမှုက တရားဥပဒေ စိုးမိုးမှု အားနည်းလာတာကို မီးမောင်းထိုးပြနေသလို ဖြစ်နေပါတယ်။ အစိုးရ အဖွဲ့တွေကလည်း ပြည်သူနဲ့ ပူးပေါင်းပြီး ဒီလိုအဖွဲ့တွေအတွက် လိုအပ်တာတွေကို ကူညီပေးနိုင်မယ်ဆိုရင် ဒုစရိုက်လုပ်တဲ့ သူတွေကို အချိန်တိုတစ်ခုအတွင်းမှာ ပပျောက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူ့အတွက် ပြည်သူသာ အားကိုးရာ ဖြစ်တဲ့အတွက် ပြည်သူအများ စုပေါင်းပြီး ပြည်သူ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။