Trending Now

(၁၂) ကြိမ်မြောက် မဲခေါင်စာပေဆုရရှိခဲ့သည့် စာရေးဆရာ အကြီးကိုကို(ကသာ)အား မြစ်ကြီးနားမြို့နယ် စာရေးဆရာအသင်းမှ ဂုဏ်ပြုချီးမြှင့်

Spread the love

(၁၂) ကြိမ်မြောက် မဲခေါင်စာပေဆုရရှိခဲ့သည့် စာရေးဆရာ အကြီးကိုကို(ကသာ)အား မြစ်ကြီးနားမြို့နယ် စာရေးဆရာအသင်းမှ ဂုဏ်ပြုချီးမြှင့်

EPN
မြစ်ကြီးနား၊ ဇွန် ၁၄

ပြိုပျက်ခဲ့သော သက္ကရာဇ်များ စာအုပ်ဖြင့် (၁၂) ကြိမ်မြောက် မဲခေါင်စာပေဆုရရှိခဲ့သည့် စာရေးဆရာ အကြီးကိုကို(ကသာ)အား မြစ်ကြီးနားမြို့နယ် စာရေးဆရာအသင်းမှ ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ ရန်နိုင်ဘုန်းမြှင့်က စာရေးဆရာ အကြီးကိုကို(ကသာ)အား ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

“အခုလို ကျွန်တော့်ကို နွေးနွေးထွေးထွေးနဲ့ ကျွန်တော့်ရဲ့ အစ်ကိုတွေ၊ ဆရာတွေ၊ ဆရာမတွေ၊ နောင်တော်တွေကနေ လက်တွဲပြီးတော့ ခေါ်ယူတယ်လို့ ခံယူပါတယ်။ ဒီပွဲလေးအတွက်ကိုလည်း အတိုင်းမသိ ဝမ်းသာမိပါတယ်လို့ ပြောပါရစေ” အကြီးကိုကို (ကသာ)ကပြောသည်။

ထို့နောက် စာရေးဆရာ အကြီးကိုကို(ကသာ)က စာရေးဆရာ အသင်းဝင်းများအား ကျေးဇူးတင်စကား ပြောကြားပြီးနောက် “ပြိုပျက်ခဲ့သော သက္ကရာဇ်များ” စာအုပ်ကို တက်ရောက်လာသည့် မြစ်ကြီးနားမြို့နယ် စာရေးဆရာအသင်းဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

၁၂ ကြိမ်မြောက် မဲခေါင်စာပေဆုမှာ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ် (ယူနန်ပြည်နယ်) နိုင်ငံတို့ပါဝင်သည့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများအတွက် ချီးမြှင့်သည့် ဆုဖြစ်ပြီ မဲခေါင်စာပေဆု ရွေးချယ်ရေးအဖွဲ့မှ ပြိုင်ပွဲဝင်စာအုပ်များ ဖိတ်ခေါ်၍ အပြီးသတ် စိစစ်ရွေးချယ်ခဲ့ရာ ဝတ္ထုတိုပေါင်းချုပ်ဆုကို စာရေးဆရာ အကြီးကိုကို ရေးသားသော ”ပြိုပျက်ခဲ့သော သက္ကရာဇ်များ” (Anthology of Ruined Eras) က ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် စာရေးဆရာ အကြီးကိုကို (ကသာ)သည် ၂၀၁၇ ခုနှစ်တွင် ပခုက္ကူ ဦးအုံးဖေ စာပေဆုနှင့် ၂၀၁၈ ခုနှစ်တွင် မြင်းမူစာပေဆုတို့ကို “သားနဲ့သမီးဖတ်ဖို့စာ” စာအုပ်ဖြင့် ဆုများရရှိခဲ့ပြီး ထို့အပြင် ၎င်းသည် ဝေလံခေါင်ဖျား ဒေသများကို ဦးစားပေးကာ မြန်မာတစ်နိုင်ငံလုံးတွင် စာကြည့်တိုက်များ ဖွင့်ခဲ့သည့်အတွက် နိုင်ငံတော်အစိုးရမှ ဂုဏ်ပြုချီးမြှင့်ပေးအပ်သည့် လူမှုထူးချွန်ဆု(ဒုတိယအဆင့်) ကို ယခုနှစ် ဇန်နဝါရီလက ချီးမြှင့်ခံရသူ တစ်ဦး ဖြစ်သည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။