Trending Now

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင် လှိုင်းဘွဲမြို့နှင့် ထီလုံကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ

Spread the love

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင် လှိုင်းဘွဲမြို့နှင့် ထီလုံကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၁ (၂၀၂၃)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည် စက်တင်ဘာ ၁၀ရက်နေ့၊ နံနက်ပိုင်းက လှိုင်းဘွဲမြို့နှင့် ထီလုံကျေးရွာသို့သွားရောက်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲ ဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ငြိမ်းချမ်းရေးကို မျှော်မှန်းသည့် ဆန္ဒသဘောထားများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း ပြန်ကြားရေး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များက ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆန္ဒသဘောထားများကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုး ရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ဆွမ်းဆန်တော်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ယင်း တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ပအိုဝ်းတိုင်းရင်းသားပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြရာ လိုအပ်ချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး၊ တက်ရောက်လာသော မြို့မိ၊ မြို့ဖများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။