Trending Now

ဂါဇာမှာ ဘဝက ဘယ်လိုလဲ

Spread the love

ဂါဇာမှာ ဘဝက ဘယ်လိုလဲ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၇

သိမ်းပိုက်ခံထားရတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူတွေဟာ အလုပ်လက်မဲ့ဖြစ်မှု၊ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုနဲ့ အစ္စရေးတို့ရဲ့ ပိတ်ဆို့တားဆီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ အယ်ဂျားဇီးယားက ဖော်ပြပါတယ်။

၃၆၅ စတုရန်းကီလိုမီတာ (၁၄၁ စတုရန်းမိုင်) ကျယ်ဝန်းတဲ့ ဧရိယာအတွင်းမှာ လွန်ခဲ့တဲ့ ၇ နှစ်အတွင်း အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုများစွာကို ခံစားခဲ့ရပြီး စက်တင်ဘာလက နောက်ဆုံးတိုက်ခိုက်မှုအတွင်းမှာ ဆန္ဒပြသူတွေကို အစ္စရေးက မောင်းသူမဲ့လေယာဉ်နဲ့ တင့်ကားတွေ အသုံးပြုတိုက်ခိုက်ခဲ့လို့ ၂၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၇ ခုနှစ်ကတည်းက အစ္စရေးက ဧရိယာတစ်ခုလုံးကို ပိတ်ဆို့ခဲ့ပြီး ဂါဇာကမ်းမြောင်ရဲ့ လေပိုင်နက်၊ ရေပိုင်နက်နဲ့ နယ်စပ်ဖြတ်ကျော်တဲ့ အချက်သုံးခုအနက် ၂ ခုကို ထိန်းချုပ်ထားခဲ့ပြီး တစ်ခုကို အီဂျစ်က ထိန်းချုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ပါလက်စတိုင်းတွေရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၂၃.၆ ရာခိုင်နှုန်းကနေ ၂၀၂၂ ခုနှစ်ကုန်မှာ ၄၇ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ဂျီနီဗာအခြေစိုက် Euro-Med Human Rights Monitor ရဲ့ အဆိုအရ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၁၅ ခုနှစ် ၄၀ ရာခိုင်နှုန်းကနေ ၂၀၂၂ ခုနှစ်မှာ ၆၁.၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ပူနွေးသောလတွေမှာ တစ်နေ့ကို ပျှမ်းမျှ ၁၂ နာရီ လျှပ်စစ်မီးဖြတ်တောက်မှုဒဏ်ကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်တို့ကြား ကြီးမားတဲ့ တိုက်ပွဲများ
——————————————————————
၂၀၀၈- ဒီဇင်ဘာ- အစ္စရေးတောင်ပိုင်း Sderot မြို့ကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာမှာ ၂၂ ရက်ကြာ ထိုးစစ်ဆင်မှုကို အစ္စရေးက ဆင်နွဲခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရရှိခင်အထိ ပါလက်စတိုင်း ၁၄၀၀ ခန့်နဲ့ အစ္စရေး ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၂- နိုဝင်ဘာ- အစ္စရေးက ဟားမတ်စ်ရဲ့ စစ်ဦးစီးချုပ် အဟ်မဒ် ဂျာဘာရီကို သတ်ပြီးနောက် ပါလက်စတိုင်းကို အစ္စရေးက ရှစ်ရက်ကြာ စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

၂၀၁၄ – ဇူလိုင်-သြဂုတ် ဟားမတ်စ်က အစ္စရေးဆယ်ကျော်သက် သုံးဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ၂,၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ ခုနစ်ပတ်ကြာ စစ်ပွဲကို ဖြစ်ပေါ်စေခဲ့ပြီး အစ္စရေးစစ်သား ၆၇ ဦး အပါအဝင် အစ္စရေး ၇၃ ဦးသေဆုံးခဲ့ပါတယ်။

၂၀၂၁ – မေ – ဂျေရုဆလင်မြို့ရှိ Al-Aqsa ဗလီဝင်းအတွင်း အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ရာနဲ့ချီဒဏ်ရာရှိခဲ့ပြီး ဟားမတ်စ်တို့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းပေးဖို့ အစ္စရေးကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ဂါဇာကမ်းမြောင်က ဒုံးကျည်တွေ ပစ်လွတ်ခဲ့တယ်လို့ ဆိုကာ အစ္စရေးက လေကြောင်း စီးနင်းတိုက်ခိုက်ခဲ့ပြီး ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပါလက်စတိုင်း ၂၆၀ နဲ့ အစ္စရေး ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂- သြဂုတ်- အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ပါလက်စတိုင်း ၃၀ ကျော်သေဆုံးခဲ့ပြီး ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ် တပ်ဖွဲ့မှူး နှစ်ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံအတွင်းကို ဒုံးကျည်ဒါဇင်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃- မေ – အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ဆင်ရေး Shield and Arrow လေကြောင်း စစ်ဆင်ရေးကို ၅ ရက်ကြာပြုလုပ်ခဲ့ပြီး အမျိုးသမီး ခြောက်ဦးနဲ့ ကလေး လေးဦးအပါအဝင် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

Ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။