Trending Now

ဖားကန့်မြို့နယ်တွင် ရေမဆေးသမားနှစ်ဦး လုပ်ကွက်နေရာလုရာမှ စကားများရန်ဖြစ်ပြီး ဓားခုတ်မှုဖြစ်ပွား

Spread the love

ဖားကန့်မြို့နယ်တွင် ရေမဆေးသမားနှစ်ဦး လုပ်ကွက်နေရာလုရာမှ စကားများရန်ဖြစ်ပြီး ဓားခုတ်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဇွန်လ ၂၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့ ညနေ (၆)နာရီခန့်က ရေမဆေးသမားနှစ်ဦး လုပ်ကွက်နေရာလုကြရာမှ စကားများရန်ဖြစ်ပြီး ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သင်္ခရလူမှုကူညီရေးအသင်း ဝင်တစ်ဦးထံမှ သိရသည်။

ဆိပ်မှုကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာရှိ ဘဇံချောက် လုပ်ကွက်တွင် ဓားခုတ်မှုဖြစ်ပွားခဲ့သည့် ရေမဆေးသမားနှစ်ဦး အနက် တစ်ဦးမှာ ရင်ဘတ်နှင့် ညာဘက်လက်တို့တွင် ဓားဒဏ်ရာများရရှိခဲ့ပြီး သွေးထွက်လွန်ကာ စိုးရိမ်ရသည့်အခြေအနေ တွင်ရှိနေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ ဘဇံချောက်မှာ လုပ်ကွက်လုကြတယ်ပြောတယ်၊အဲ့ကနေ စကားများကြတာ တစ်ယောက်က ဘေးမှာရှိတဲ့ ဓားနဲ့ ခုတ်လိုက်တာ၊ ၊ သွေးထွက်လွန်ပြီးတစ်ကိုယ်လုံးသွေးတွေပဲဆိုတော့ တစ်ခြားနေရာတွေတော့မသိတော့ဘူး၊ အခုက ဆေးရုံကြီးကို ပို့ထားပြီးပြီ တော်တော်လေးစိုးရိမ်ရတယ်ပြောတယ်၊ ” ဟု ၎င်းကပြောသည်။

ဓားခုတ်ခံခဲ့ရသည့် အသက် (၃၅)နှစ်အရွယ်ခန့်ရှိ အမျိုးသားမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသောကြောင့် ဖားကန့်မြို့နယ်ပြည်သူဆေးရုံကြီးမှ မြစ်ကြီးနားမြို့ပြည်သူဆေးရုံကြီးသို့ ယနေ့ နံနက်က လွဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ရေမဆေးသမားများအချင်းချင်း စကားများရန်ဖြစ်၍ ရိုက်နှက်မှု၊ လူသတ်မှုများ ဖြစ်ပွားလေ့ရှိပြီး ဇွန်လ (၂)ရက်နေ့ကလည်း ဆိတ်မှုကျေးရွာအုပ်စုအတွင်း ရေမဆေးသမားနှစ်ဦး စကားများရန်ဖြစ်ပြီး သံတိုင်ချွန်ဖြင့် ထိုးသတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။