Trending Now

မြစ်ကြီးနားမြို့တွင်း မှုခင်းကျဆင်းရေးနှင့် COVID-19 ကာလ ညမထွက်ရအမိန့်ချိုးဖောက်မှု မရှိစေရန် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတိုးမြင့်ဆောင်ရွက်

Spread the love

မြစ်ကြီးနားမြို့တွင်း မှုခင်းကျဆင်းရေးနှင့် COVID-19 ကာလ ညမထွက်ရအမိန့်ချိုးဖောက်မှု မရှိစေရန် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတိုးမြင့်ဆောင်ရွက် 

EPN
မြစ်ကြီးနား၊ ဧပြီ ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်းတွင် မှုခင်းကျဆင်းရေး နှင့် COVID-19ကာလအတွင်း ညမထွက်ရဒေသန္တရ အမိန့်ချိုးဖောက်မှုမရှိစေရန် အတွက် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးတိုးမြင့်ဆောင်ရွက်လျက်ရှိနေကြောင်း မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းလုပ်ငန်းစဉ်ကို ဧပြီလ လဆန်းပိုင်းကတည်းဆောင် ရွက်ခဲ့ပြီး မှုခင်းကျဆင်းရေးနှင့် ဧပြီလ (၁၈)ရက်နေ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်ထားသည့် ညမထွက်ရ ဒေန္တရအမိန့် ကို ချိုးဖောက်သူမရှိစေရန်တို့အတွက် ယခုကဲ့သို့ အရှိန်အဟုန်မြင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြစ်ကြီးနားခရိုင်မှုး ဒုရဲမှူးကြီး စိုးမြင့်အောင်က ဆိုသည်။

”ကျွန်တော်တို့ အနေနဲ့ လက်ရှိ ဒီမြို့ပေါ်မှာ အထိတ်တလန့်မဖြစ်ဖို့နဲ့ ခိုးဆိုးလုယက်မဖြစ်ဖို့တရားဥပဒေစိုးမိုးဖို့နဲ့ ပြီးတော့ညဆယ်နာရီကနေ မနက်လေးနာရီအတွင်း ပြည်သူတွေညမထွက်ဖို့ ပညာပေးတွေဆောင်ရွက်တာတစ်ပတ်ရှိပြီ။” ဟု ဒုရဲမှူးကြီး စိုးမြင့်အောင်က ပြောသည်။

ဤသို့ဆောင်ရွက်ရာတွင် မြစ်ကြီးနားခရိုင်/မြို့နယ်ရဲစခန်းမှ ရဲအရာရှိများနှင့်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ၊ ရဲတပ်ရင်း(၃၀) စုစုပေါင်း ကား(၈)စီးဖြင့် ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။

ရဲတပ်ဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် (၂၈)ခု အပြင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)အတွင်း၌လည်း ယင်းလုပ်ငန်းစဉ်များ ဆောက်ရွက်ပေးနေကြောင်း သိရသည်။

မြစ်ကြီးနားတစ်မြို့နယ်လုံးတွင် ၂၀၁၉ ခုနှစ်က အမှုကြီး(၁၇)မှု ဖြစ်ပွားခဲ့ပြီး၊ အခြားအမှု (၁၂၈၄ )မှု အထိဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

ကချင်တစ်ပြည်နယ်လုံးတွင် ၂၀၁၈ခုနှစ်အတွင်း အမှုကြီးစုစုပေါင်း(၁၃၈)မှု၊ အခြားအမှု စုစုပေါင်း (၁၅၅၄)မှု၊ ကြိုတင်ကာကွယ်မှု စုစုပေါင်း(၄၄၆၉)မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ခုနှစ်တွင် အမှုကြီးစုစုပေါင်း(၁၅၇)မှု၊ အခြားအမှု စုစုပေါင်း (၁၈၀၈)မှု ကြိုတင်ကာကွယ်မှု (၃၀၇၀)မှု ဖြစ်ပွားခဲ့ကြောင်းကချင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။