Trending Now

ကချင်ပြည်နယ်က ဘာသာရေးကျောင်းဆောင်များ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို Quarantine Centre အဖြစ်အသုံးပြုသွားမည်

Spread the love

ကချင်ပြည်နယ်က ဘာသာရေးကျောင်းဆောင်များ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို Quarantine Centre အဖြစ်အသုံးပြုသွားမည်

EPN
မြစ်ကြီနား၊ မေ ၂၉

ကချင်ပြည်နယ်အတွင်းက ခရစ်ယာန် ဘာသာရေး ကျောင်းဆောင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး များကို Quarantine Centre အဖြစ် အသုံးပြုရန် စီစဉ်ထားကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

လက်ရှိတွင် ကချင်တစ်ပြည်နယ်လုံးကစာသင်ကျောင်းပေါင်း သုံးရာကျော်ကို Quarantine Centre အဖြစ် အသုံးပြုနေပြီးယင်းစာသင်ကျောင်းများကို ဇွန်လ (၁၅)ရက်နေ့မတိုင်မှီ အခြေခံပညာရေး ဦးစီးဌာနသို့ပြန်လည် လွဲပြောင်းရမည်ဖြစ်သောကြောင့် ယင်း စာသင်ကျောင်းများနေရာတွင်
အစားထိုးထားရှိရန် အတွက် ယခုကဲ့သုိ့စီစဉ်ရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးဇော်ဇော်ကယခုကဲ့သို့ ​ဆိုသည်။

“လက်ရှိ ကျောင်းတွေမှာ ထားနေတဲ့ လူတွေကို ၂၁ရက် ပြည့်တာနဲ့ ကျောင်းတွေကနေဖယ်မယ်။ နောက်ထပ်ဝင်လာတဲ့သူတွေကတော့ ဘုန်းကြီးကျောင်းတို့ နောက်တချို့ကျတော့ ဘုန်းကြီးကျောင်းတို့ နောက် ဘုရားကျောင်းတို့ အဲ့ဒီမှာထားကြမယ်။” ဟုဦးဇော်ဇော်က ပြောသည်။

ယင်း Quarantine Centre များတွင် ပြည်တော်ပြန်များနှင့် အခြားပြည်နယ်နှင့် တိုင်းများမှ ဝင်ရောက်လာမည့် သူများကို(၂၁)ရက် စောင့်ကြည့်ရန် အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးဇော်ဇော်ကထည့်သွင်း ပြောဆိုသည်။

ထို့အပြင် လက်ရှိစာသင်ကျောင်းဆောင်များတွင် အသုံးပြုနေသည် UNHCRမှထောက်ပံ့ပေးထားသောလက်ဆေးစင်၊ခြုံ စောင်၊ခေါင်းအုံးစသည့် အသုံးအဆောင်ပစ္စည်းများကိုလည်းယင်းစီစဉ်ထားသည့်နေရာများတွင် ဆက်လက်ထားရှိမည်ဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် ကချင်တစ်ပြည်နယ်လုံးတွင် Quatantine Centre အဖြစ် အသုံးပြုနေသည့် စာသင်ကျောင်းပေါင်း (၃၁၅)ကျောင်း ရှိပြီး ယင်း စာသင်ကျောင်းများတွင် လူဦးရေ (၃၉၀၀)ကျော် Quatantine ဝင်နေကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။