Trending Now

တနိုင်းနှင့် ရှင်ဗွေယန်မြို့နယ်များသို့ စက်သုံးဆီ သယ်ပို့သူများထံမှ ဆီများသိမ်းဆည်း

Spread the love

တနိုင်းနှင့် ရှင်ဗွေယန်မြို့နယ်များသို့ စက်သုံးဆီ သယ်ပို့သူများထံမှ ဆီများသိမ်းဆည်း

EPN
တနိုင်း၊ ဩဂုတ် ၄

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နှင့် ရှင်ဗွေယန်မြို့နယ်များ အတွင်းသို့ စက်သုံးဆီ သယ်ယူပို့ဆောင်နေသူ များထံမှ စက်သုံးဆီးများကို တိန်ကောက် တံတားထိပ်တွင် တပ်မတော်မှ ဖမ်းဆီး သိမ်းဆည်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တနိုင်းခရိုင်အတွင်းသို့ စက်သုံးဆီများ သယ်ယူခြင်းကို ဇွန်လအတွင်းကစ၍ သယ်ဆောင်ခြင်းများကို တားမြစ်ပိတ်ပင်မှုများ ပြုလုပ်ထားကြောင်း သိရပြီး၊ ယင်းသို့ ပြုလုပ်ခြင်းကြောင့် ဒေသခံများအနေဖြင့် အိမ်သုံးဆိုင်ကယ်၊ မီးစက်၊ လယ်ယာသုံး စက်များတို့၌ အသုံးပြုရန် စက်သုံးဆီ ခက်ခဲနေကြောင်း ရှင်ဗွေယန် မြို့ ဒေသခံတစ်ဦးက ဆိုသည်။

“ကျွန်မတို့ ဒေသမှာ ရွှေမှော်တွေ ရှိကြပါတယ်။ ရွှေမှော်မှာ အသုံးမပြုဖို့ စက်သုံးဆီ သယ်ယူမှုကို ပိတ်ပင်ဖမ်းဆီးတာ လက်ခံလို့ရတယ်။ အခုဟာက ကလေးတွေ ကျောင်းသွားကျောင်းပြန်အတွက် စက်သုံးဆီကို မရှိတာ။ အရမ်းကို ခက်ခဲနေတယ်။ မြို့ကနေ သယ်လာတဲ့ အိမ်သုံး စက်သုံးဆီကိုလည်း တိန်ကောက် တံတားထိပ်မှာ အကုန်သိမ်းတယ်။ ရေသန့်ဗူးနဲ့ကို သယ်ခွင့်မပေးတာ။ ရွှေမှော်အတွက် မဟုတ်ဘူး။ အိမ်တွင်းဆိုင်ကယ်၊ မီးစက်အတွက် ပြောတာကို မရဘူး ” ဟု ယင်းကရှင်းပြသည်။

အဆိုပါ တိန်ကောက်ကျေးရွာ တံတားထိပ်တွင် တာဝန်ကျနေသည့် နယ်မြေခံ တပ်ရင်းမှ စက်သုံးဆီနှင့် အခြားသော စားသောက်ကုန် တချို့အား စစ်ဆေးရေး တင်းကြပ်မှုများကို ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးမှု ပြုလုပ်နေသောလည်း အချို့ကားဆရာများမှာ စက်သုံးဆီနှင့် အခြား စားသောက်ကုန် တချို့ကို ခိုးဝှက်သယ်ဆောင်ခြင်းများ ပြုလုပ်နေ၍ ‌တနိုင်းနှင့် ရှင်ဗွေယန် မြို့နယ်တို့တွင် ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးများ အဆမတန် ဈေးမြင့်တက်နေကြောင်း ကားဆရာတစ်ဦးက ထည့်သွင်းပြောသည်။

“ရတဲ့နည်းနဲ့ သယ်ဆောင်နေရတာတွေ ရှိတာပေါ့။ အဓိကက စက်သုံးဆီ ဟုတ်တယ်။ တနိုင်း မဝင်ခင် တိမ်ကောက်တံတားမှာ အရမ်းစစ်တယ်။ စစ်လို့မိတဲ့ အခါ ပစ္စည်းအသိမ်းမခံရဖို့အတွက် ပိုက်ဆံပေးရတာ ရှိတာပေါ့။ အဲ့လို ပိုက်ဆံပေးရတော့ သယ်လာတဲ့ ပစ္စည်းအတွက် ဈေးနှုန်းတွေ မြင့်တက်ရတာတွေရှိတယ် ” ဟု အမည် မဖော်လိုသူ ကားဆရာတစ်ဦးက ရှင်းပြသည်။

ယင်းကဲ့သို့ ဖမ်းဆီးသိမ်းဆည်း တားမြစ် ပိတ်ပင်ခြင်းများကို သေချာစိစစ် ၍ ပြုလုပ်သင့်ကြောင်းနှင့် မဆင်မခြင် ပြုလုပ်နေခြင်းကြောင့် နေ့စဉ် ဒေသခံပြည်သူများသာ အကြပ်အတည်းနှင့် စက်သုံးဆီ၊ အခြေခံစားသောက်ကုန်များကို ဈေးကြီးကြီး ပေးဝယ်နေရကြောင်း သိရသည်။

တနိုင်း – မြစ်ကြီးနား ပြေးဆွဲနေသည့် ကားဆရာများအနေဖြင့် စက်သုံးဆီ လုံလောက်ဖို့အရေး အသွားအပြန် စက်သုံးဆီကို မြို့ပေါ်မှ တခါတည်း ဖြည့်တင်းပြီးမှ ပြေးဆွဲနေရခြင်းဖြစ်ပြီး၊ တနိုင်းခရိုင်အတွင်၌ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုများ ရှိနေ၍ နေ့စဉ်စက်သုံးဆီပြသနာ ရင်ဆိုင်ဖြေရှင်းနေရကြောင်း ကားဆရာများကဆိုသည်။

တနိုင်းခရိုင်အတွင်း ၌ စက်သုံးဆီ သယ်ဆောင်ခြင်းများကို ဇူလိုင်လ အတွင်းကစ၍ တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားသည့်အတွက် စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားခြင်း၊ စက်သုံးဆီများကို မှောင်ခိုလမ်းမှ ဝယ်နေရသည့်အတွက် စက်သုံးဆီ တစ်လီတာလျင် (၁၀၀၀၀) ကျပ်ဖြင့် ဝယ်ယူသုံးဆွဲ နေရကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။