Trending Now

ဤခရီးဝေးသလား?

Spread the love

ဤခရီးဝေးသလား?

EPN
ဆောင်းပါး၊ ဖေဖော်ဝါရီလ ၁၈၊ ၂၀၂၂ခုနှစ်
မိုးမြင့်မောင် တင်ပြသည်။

ခရီးဘယ်လောက် ဝေးဝေးလာချင်လျှင်အနီးလေးပင်ဖြစ်သည်။ မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေးသည်လည်း တစ်ကယ်ရချင်လျှင် မျက်စေ့တစ်မှိတ် မျက်တောင်တစ်ခတ်အတွင်းမှာပင် ရရှိနိူင်ပေသည်။ အဘယ်ကြောင့် ဆိုသော် ပြည်တွင်း မငြိမ်သက်မှုများဖြစ်ပွားစေရန် လုပ်စားနိုင်ငံရေးပွဲစားများမှ လွဲ၍ ကျန်တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးသည် တည်ငြိမ်အေးချမ်းစွာ နေချင်သူကြများဖြစ်ကြောင်း စာဖတ်ပရိသတ်ကြီး အသိဆုံးပင်ဖြစ်သည်။

မြန်မာပြည်တွင်းရှိ အခြေခံလူတန်းစားများမှပင် တောင်သူလယ်သမားများ၊ ကာယဉာဏအလုပ်ရှင်များ၊ ပုံမှန်စီးပွားရေး လုပ်ငန်းရှင်များနှင့် ရဟန်းရှင်လူပြည်သူလူထု အပေါင်းတို့သည် ၎င်းတို့၏ အနာဂတ်ပိုမို တိုးတက် ကောင်းမွန်လာရန် ပုံမှန်အလုပ်နှင့်ဝင်ငွေ ရရှိရေးအတွက် ထာဝရငြိမ်းချမ်းရေးဟု ဆိုအပ်သော တရား ဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တိုင်းပြည်နိုင်ငံ လုံခြုံရေးကို အသက်ထက်ပို၍ ချစ်မြတ် နိုးကြပေသည်။ အမှန်ဆိုရသော် ယခု စာဖတ်နေသူ၏ ရင်တွင်းစိတ်၌ပင် ငြိမ်းချမ်းရေး (သို့မဟုတ်) မိမိဘဝ လုံခြုံအေးချမ်းစွာဖြင့် မိသားစုဘဝရှေ့ရေးကို ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများရှိ ပြည်သူများနည်းတူ နေ့စဉ်ဝင်ငွေဖြင့် ကောင်းမွန်စွာ နေထိုင်လုပ်ကိုင် စားသောက်လိုကြသည်။ ဤသည်မှာ လူတိုင်း၏စိတ်ဝယ် အလိုအပ်ဆုံး၊ အတောင်းတဆုံးဆန္ဒစိတ် (သို့မဟုတ်) နောက်ဆုံး ပန်းတိုင်ခေါ်သည့် ထာဝရငြိမ်းချမ်းရေး ပင်ဖြစ်သည်။

“လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်တယ်။ မြေပေါ်မြေအောက် သဘာဝပစ္စည်းတွေ ပေါကြွယ်ဝတာကို အားလုံးက အလွန်အကျွံ ထုတ်ယူသုံးစွဲကြတယ်။ နိုင်ငံရဲ့ပထဝီအနေအထားနဲ့ ရာသီဥတု မြေအနေအထားတွေက အထူးကောင်းမွန်ပေ့မယ့် ပြည်သူတွေရဲ့ရိုးသားမှုနဲ့ အသုံးချနည်းပညာ လိုအပ်ချက် တွေကြောင့် ပြည်တွင်းစားသုံးလို့ရပေ့မယ့် နိုင်ငံတကာ ဈေးကွက်ထိုးဖေါက်ဖို့အတွက် ထုတ်ပိုးမှုကအစ လိုအပ်ချက်တွေ အများကြီးရှိနေသေးတာ တွေ့ရတယ်။ နောက်တစ်ခုက နိုင်ငံတကာဈေးကွက်ရဲ့ လိုအပ်ချက် တွေကို လုံလောက်အောင် မထုတ်လုပ်နိူင်သေးတာကြောင့် ပြည်ပဈေးကွက်နေရာတခုရဖို့ဆိုရင် အရေအတွက် ပိုင်းရော အရည်အသွေးပိုင်းရော ထုတ်ပိုးမှုပိုင်းကအစ အများအကြိုက်ဖြစ်ဖို့လိုအပ်သလို အချိန်မီ အတွင်း လုံလောက်အောင် တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ထုတ်လုပ်နိူင်ဖို့ အချိန်ယူရပါအုံးမယ်။ ဒါတွေ မလုပ်နိူင် သရွေ့ တစ်ဦးခြင်းဆီရဲ့နေ့စဉ် GDP ဝင်ငွေက တက်မလာနိူင်သေးပါဘူး။ ဘာစီးပွားရေး ပဲဖြစ်ဖြစ် မိသားစု တပိုင်တနိုင် လုပ်ငန်းကနေ အရည်အသွေး ပြည့်မီအောင် Group တွေ ဖွဲ့ပြီး လုပ်ဆောင် နိုင်ရမယ်။ Group တေ ွအောင်မြင်လာရင် TEAM အဖွဲ့အစည်းတွေ ထူထောင်ပြီး မိမိတို့ အကျိုးစီးပွားကို ပိုမိုခိုင်မာကျယ်ပြန့်ပြီး အောင်မြင်လာအောင်လုပ်နိူင်သလို အကာအကွယ်တွေလည်း လုပ်ပေးလာနိူင်ပါတယ်။ ဒါတွေ မလုပ်ဆောင် နိူင်သေးသ၍ မိသားစု တပိုင်တနိူင် အသေးစားလုပ်ငန်းတွေဟာ သွင်းအားစုတွေများမယ်။ အကျိုးခံစားခွင့်တွေ နည်းပါးပြီး အောင်မြင်မှုဟာ ကံစမ်းနေသလို ဖြစ်နေအုံးမှာပါ။ စားသောက်ကုန်ပဲလုပ်လုပ် ဘာကုန်တွေပဲ ထုတ်နေနေ နောက်ဆုံးတော့ရောင်းချဖို့ပါပဲ။ လူအများလက်ခံနိူင်တဲ့ စံသတ်မှတ်ချက်တခုကို ထားပြီး ထုတ်လုပ်နိူင်ဖို့က အဓိကပါ။ လှေလှော်ရင်းတက်ကျိုးမှာ စိုးကြောက်စရာဖြစ်ပေ့မယ့်။ တိုင်းပြည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းနေရင် လုပ်ငန်းတွေပုံမှန်လည်ပတ်နိူင်တာမို့ ပြုပြင်ရေးလုပ်ငန်းတွေ အချိန်မီ လုပ်ဆောင် နိူင်ပြီး ကမ္ဘာ့စီးပွားရေး(သို့မဟုတ်) ပြည်တွင်း/ပြည်ပဈေးကွက်စီးပွားရေးတခုကို အောင်မြင်စွာ ထိုးဖေါက်နိူင် မှာပါ။ ဒါမှသာ သားမြေးစဉ်ဆက်(သို့မဟုတ်) နိူင်ငံသားတိုင်းရဲ့ ခိုင်မာသည့် အကျိုးခံစားခွင့် GDP ဝင်ငွေနဲ့ စီးပွားရေးအောင်မြင်တဲ့ လူ့ဘောင်အဖွဲ့အစည်း အမျိုးမျိုး ပေါ်ထွက်လာမှာပါ။ အထက်ကပြောခဲ့သလို စီးပွားရေး လုပ်ရင် ဘယ်တိုင်းပြည်နိုင်ငံ မဆို နယ်မြေအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမှုက အဓိက လိုအပ်တာပဲ´´ ဟု စီးပွားရေး ကျွမ်းကျင်သူ များကဆိုသည်။ (စကားချပ် – ကျန်ရှိသည့် အကြောင်းအရာများကို ဆက်လက် ဖေါ်ပြမည်)

အေးဆေးစွာဖြင့် ရိုးသားကြိုးစားနေကြသည့် တိုင်းရင်းသား ပြည်သူလူထု၏ တည်ငြိမ်နေသော ဘဝပေါင်း များစွာကို ဖျက်ဆီးသူ (သို့မဟုတ်) တည်ငြိမ်အေးချမ်းရေး ဖျက်ဆီးကြသူများသည် ရသည့်အခွင့်အရေးကို လက်လွတ်မခံပဲ မသိနားမလည်သော ကလေးသူငယ် ရဟန်းရှင်လူ ပြည်သူအပေါင်းအား သွေးထိုးလှုံ့ဆော် ကာ မြန်မာတိုင်းရင်းသား အချင်းချင်း၊ ဘာသာတူ လူမျိုးတူ အချင်းချင်း သတ်ဖြတ်စေရန် ကြိုတင်ကြံစီ လုပ်နေကြသူများသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်တိုင်အောင် တိုင်းပြည်နိုင်ငံ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် တိုင်းပြည်နိုင်ငံ ပြိုလဲစေရန်အတွက် နည်းအမျိုးမျိုးဖြင့်သွေးကွဲစေရန် အကြောင်းမရှိ အကြောင်းရှာကာ ပင်လုံစာချုပ်ဖြင့်စတင် သပ်လျှိုကာ အပြုသဘောမဆောင်ပဲ အလုံးစုံ ပျက်သုန်းရေးအတွက် နောက်ကွယ်မှ အဓီကကြိုးကိုင် လှုပ်ရှားနေသူများမှာ ပြည်ပနိုင်ငံတချို့နှင့်ပေါင်းသော ဒေါ်လာစားတချို့နှင့် ၎င်းတို့၏လက်ဝေခံ ပြည်ပအားကိုး ပုဆိန်ရိုးတချို့ပင်ဖြစ်သည်။ (၁၃၅) မျိုးသော တိုင်းရင်းသား ပြည်သူအချင်းချင်း မစည်းလုံးရင် နွားကွဲလျှင်ကျားဆွဲခံရမည့် အချက်ကို အထူးသတိပြုသင့် ပေသည်။

“အချိန်မီချုပ် အစုတ်သက်သာ ဆိုသလိုပေါ့။ လွတ်လပ်ရေး ရရှိပြီးနောက် အဖက်ဖက်ကနေ သဘာဝ ဟန်ချက်ပျက်လာတဲ့ အကြောင်းအရာတွေက အများကြီးပဲ။ ဒါကို ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် အမျိုးသားရေး က အစ၊ မြန်မာ့ပိုင်နက်၊ သယံဇတ အရင်းအမြစ်၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရာသီဥတု၊ လမ်းပန်းဆက်သွယ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့်သဖြင့် အချုပ်အခြာအာဏာအဆုံး အရာရာဟာ တည်ငြိမ်မှုမရှိရင် စိုးရိမ်းစရာတွေကြည့်ပဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့လူဦးရေကြည့်ရအောင် တရုတ်နိုင်ငံက၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးတိုင်းပြည်အဖြစ် စုစုပေါင်းလူဦးရေ ၁.၄ ဘီဘီယံ ကျော် (၁.၄၁၂ ဘီလီယံ) ရှိတယ်။ ဒုတိယလူဦးရေအများဆုံးက အိန္ဒိယဖြစ်ပြီး စုစုပေါင်းနေထိုင်သူ ၁.၄ ဘီလီယံနီးပါး (၁.၃၉၃ ဘီလီယံ) ရှိတယ်။ တတိယမြောက် လူဦးရေအများဆုံးက အမေရိကန် ပြည်ထောင်စု (၃၃၂.၃ သန်း)၊ စတုတ္ထမြောက် လူဦးရေအများဆုံးက အင်ဒိုနီးရှား (၂၇၅.၁ သန်း)၊ ပဉ္စမမြောက် လူဦးရေ အများဆုံးက ပါကစ္စတန် (၂၂၅.၄ သန်း) ခန့်မှန်းစာရင်း အချက်အလက်များအရ အိန္ဒိယက တရုတ်လူဦးရေအောက် သန်း ၂၀ ခန့်လျော့နည်းနေသေးလည်း ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ယခု ဆယ်စုနှစ်အလယ် (၂၀၂၅ ခုနှစ်) တွင် အိန္ဒိယက တရုတ်နိုင်ငံကို ကျော်လွန်၍ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ထားကြတယ်။ လက်ရှိကမ္ဘာ့လူဦးရေစုစုပေါင်းမှာ ၇.၈ ဘီလီယံကျော်ရှိတယ်။ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာဌာန (United Nations Department of Economic and Social Affairs) ၏ ခန့်မှန်းချက်အရဆိုရင် ယခုရာစုနှစ်အကုန် (၂၁၀၀ ပြည့်နှစ်) ၌ စုစုပေါင်းလူဦးရေ ၁၁ ဘီလီယံနီးပါး (၁၀.၈၇ ဘီလီယံ) အထိရောက်ရှိလာနိူင်တယ်လို့ ခန့်မှန်းထားကြတယ်။ လက်ရှိကမ္ဘာ့လူဦးရေအပေါ် အကြီးမားဆုံး စိန်ခေါ်မှုက ရာသီဥတုပြောင်းလဲမှုဖြစ်နေတယ်။ အပူချိန် မြင့်မားလာတာနဲ့ တပြိုင်နက် မိုးခေါင်မှုတွေ ပြင်းထန်လာတယ်။ အစွန်းရောက် မိုးလေဝသ အခြေအနေများ ဖြစ်ပေါ်တယ်။ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းပြည်တွေက အဲ့ဒီ သဘာဝဘေးဒဏ်တွေကို ရင်စည်း၍ခံကြရတယ်။ အီကွေတာတစ်လျှောက်နဲ့ ကျွန်းနိုင်ငံများတွင် ပိုပြီးသိသာတယ်။ ဒါလောက်ဆို သဘောပေါက်မယ် ထင်တယ်´´ဟု စာရင်းအင်းပညာရှင်များက သုံးသပ်ပြသည်။

နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်တို့၏ ကြား အဆက်အစပ်သည် အလွန်အရေးပါလှသည်။ ထို့ကြောင့် နိုင်ငံရေး စနစ်အတွက် တည်ဆောက်မည့် ပုံစံနှင့် စီးပွားရေးစနစ်အတွက် တည်ဆောက်မည့် ပုံစံတို့ သဟဇာတဖြစ်ပြီး ကိုက်ညီစေရန် လိုအပ်လာသည်။ ကမ္ဘာပေါ်တွင် တည်ရှိ ဖြစ်ပေါ်စေခဲ့သည့်၊ ဖြစ်ပေါ်နေဆဲဖြစ်သည့် နိုင်ငံရေး စနစ်နှင့် စီးပွားရေးစနစ်တို့၏ အဆက်အစပ်အား တိုင်းပြည်နိုင်ငံကို တည်ဆောက်မည့်သူများအတွက် မဖြစ်မနေ လေ့လာသင့်ထားသင့်ပေသည်။

စာဖတ်ပရိသတ်ကြီး သတိပြုမိပေမည်။ မြန်မာနိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံရေး စနစ်များမှာ သက်ဦးဆံပိုင်ဘုရင် စနစ်၊ ကိုလိုနီ အရင်းရှင်စနစ်၊ ပါလီမန် ဒီမိုကရေစီ စနစ်၊ စစ်အုပ်ချုပ်ရေး စနစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီစနစ်၊ စစ်အုပ်ချုပ်ရေး စနစ်၊ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ် စသည်ဖြင့် အမျိုးမျိုးပြောင်းလဲခဲ့ကြသော်လည်း စီးပွားရေးကဏ္ဏအား
တိုင်းပြည်နိုင်ငံရေးစနစ်ဖြင့် ကိုက်ညီမည့်ပုံစံသို့ ပြောင်းလဲနိူင်ခြင်း မရှိသည့်အတွက် နိုင်ငံရေးစနစ်များကို ရုတ်ခြည်း ပြောင်းလဲ ကျင့်သုံးခဲ့သော်လည်း မြန်မာစီးပွားရေးသည် ဗွက်ထ လျက်ရှိပြီး၊ ပရမ်းပတာ ဖြစ်ပေါ်လျက် ရှိနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရပြီဖြစ်သည်။

မြန်မာနိုင်ငံအား ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော၊ ကြွယ်ဝချမ်းသာသော၊ အင်အားကြီးမား တောင့်တင်းခိုင်မာသော နိုင်ငံတော်ကြီး ဖြစ်စေလိုသည့်အပြင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သားများအနေဖြင့်လည်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းစွာနှင့် ပျော်ရွှင်စွာ အသက်ရှင် ရပ်တည် နေထိုင်နိုင်စေမည့် ပတ်ဝန်းကျင်ကောင်းကို ရရှိခံစား၊ စံစားစေလိုသည့် စိတ်စေတနာ လိုအင်ဆန္ဒများ အမြဲရှိသည့်မှာ (၁၃၅) မျိုးသော တိုင်းရင်းသား ပြည်သူလူထုပင် ဖြစ်ပေသည်။

အမေရိကန် ပြည်ထောင်စုတွင် သမ္မတ တာဝန်ထမ်းဆောင်ဖူးသည့် အီဗရာဟင် လင်ကွန်းက “You must remember that some things legally right are not morally right.” ဟုဆိုသည် အဓိပ္ပာယ်မှာ “သင့်အနေနှင့် အလေးထား ဂရုပြုရမည့် အချက်မှာ အချို့သော အကြောင်းအရာ ကိစ္စရပ်များသည် ဥပဒေအရ မှန်ကန်နိုင်ပါသော်လည်း လူ့ကျင့်ဝတ် ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တအရ မှန်ကန်ခြင်း မရှိနိူင်ပါဟုဆိုသည်။”

ဥပဒေအရလည်း မှန်ကန်ခြင်းမရှိသော လူ့ကျင့်ဝတ် ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တအရလည်း မှန်ကန်ခြင်း မရှိသည့် အကြောင်းအရာ ကိစ္စရပ်များကို ပြုမူဆောင်ရွက်ခဲ့သည့် လူပုဂ္ဂိုလ်များသည် သာမန်အသိ၊ လူပြိန်းသိ (Common Sense) ပင် မရှိသည့် လူပုဂ္ဂိုလ်များအဖြစ် အများက ယူဆနိူင်ပါသည်။ (သာဓက) အနေဖြင့် အဆိုပါကဲ့သို့သော လူပုဂ္ဂိုလ်များမှ တိုင်းပြည်နိုင်ငံအား ဦးဆောင်ခဲ့ကြခြင်းသည် အကြောင်းတရားဖြစ်၍၊ ယနေ့ တိုင်းပြည်နိုင်ငံ၌ ကြုံတွေ့နေကြရသည်မှာ အကျိုးတရားများပင် ဖြစ်ပေလိမ့်မည်။ တိုင်းပြည်နိုင်ငံတွင် သာမန်အသိ၊ လူပြိန်းသိ (Common Sense) မရှိဘဲ ပျောက်ကွယ်နေသည့် လူပုဂ္ဂိုလ်များအနေနှင့် တိုင်းပြည်နိုင်ငံအား ဦးဆောင်ဦးရွက်ပြုရသည့် အခန်းကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတွင် အထိန်းအကွပ်မဲ့ လွတ်လပ်စွာ ပါဝင်ခွင့် ရရှိနေခြင်းသည် ယနေ့မျက်မှောက်ကာလအား သင်ခန်းစာယူရန် ဖြစ်နေသည်။ မည်သည့် တိုင်းပြည်နိုင်ငံတွင်မဆို သာမန်အသိ၊ လူပြိန်းသိ (Common Sense) ပျောက်နေသည့် လူပုဂ္ဂိုလ် များနှင့် တွေ့ကြုံရနိုင်လျင် အဆိုပါ တိုင်းပြည်နိုင်ငံသည် အခက်အခဲပေါင်းမြောက်မြားစွာ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရနိုင်ပြီး အလုံးစုံပျက်သုဉ်းသွားနိူင်သည်။

ထို့ကြောင့် တိုင်းပြည်နိုင်ငံအား တည်ဆောက်ကြရာတွင် ဘက်ပေါင်းစုံမှ အသိပညာရှင် အတတ်ပညာရှင်များ၏ အမြင်အယူအဆ အမျိုးမျိုး ဖြစ်ပေါ်လေ့ရှိသည်မှာ သဘာဝပင်ဖြစ်သည်။ ထိုသူများ၏ အယူအဆ အမျိုးမျိုးကို ပေါင်းစပ်နိူင်စေရေးအတွက် ဆွေးနွေးပွဲ၊ ညှိနှိုင်းပွဲ၊ အပြန်အလှန်ငြင်းခုံပွဲများ ပြုလုပ်ပြီးလျင် တိုင်းပြည် နိုင်ငံကာကွယ်ရေးအတွက်သာမက နိုင်ငံသားတိုင်းအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် အများသဘောတူ လက်ခံနိုင်မည့် နိုင်ငံရေးလမ်းကြောင်းကို တည်ဆောက်ကြရသည်။

နိုင်ငံရေးသဘော တရားအများစုသည် ဂရိတို့၏ စံချိန် စံနှုန်းဖြစ်သည့် နိုင်ငံရေးကို အခြေခံသော ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် ရောမတို့၏ စံနှုန်းများပင်ဖြစ်လေရာ နိုင်ငံတိုင်း၌ အဆင်မပြေနိူင်ကြချေ။ အဘယ်ကြောင့် ဆိုသော် ပထဝီနိုင်ငံရေးအရ လူမျိုးစုကို အခြေခံသော တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရှိမှု၊ ပါဝါ တို့ကို မူလတည်ရှိနေသည့် ယဉ်ကျေးမှု ဓလေ့ထုံးစံများအား အခြေခံကာ ပြည်ထောင်စုနိုင်ငံတော်အဖြစ် တည်ဆောက်ထားကြသည်။ ဒီမိုကရေစီစနစ်ဖြင့် မရင့်ကျက်သေးသော နိုင်ငံသားများသည် တိုင်းပြည်နိုင်ငံရေး စနစ်နှင့် ကိုက်ညီစေမည့် စီးပွားရေး စနစ်ကို ပြောင်းလဲ ကျင့်သုံးကျင့်သုံးရမည်ဖြစ်သော်လည်း လက်ရှိ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများအား ရုတ်တရက်ပြောင်းလဲခြင်းသည် လုံးဝပျက်စီးစေခြင်း၊ ဘဝပျက်၊ စီးပွားပျက်မည့် အခြေအနေများကို ထည့်သွင်းတွက်ချက်ကာ ပြောင်းလဲ ကျင့်သုံး ရမည်ဖြစ်ပေသည်။ (သာဓက)အနေဖြင့် တရုတ်နိုင်ငံသည် ပြည်သူ့အကျိုး စီးပွားရေး တိုးတက်ခိုင်မာစေရန် အတွက် ကိုဗစ်ကာလ ကုန်သွယ်မှုများ နည်းပါးချိန်တွင် ပြောင်းလဲရန် ကျန်ရှိနေသည့် နေရာများအား ခိုင်မာသည့် စီးပွားရေးမူဝါဒ အသစ်ဖြင့် ပြောင်းလဲအစားထိုးလဲလှယ်နိူင်ခဲ့သည်။

“ဝင်ငွေနိမ့်ပါးတဲ့ သူတွေဟာ သမိုင်းကြောင်းအရ တည်ငြိမ်အေးချမ်းမှု မရှိတဲ့ တိုင်းပြည်နိုင်ငံတွေကဖြစ်တယ်။ လူဦးရေတိုးပွားလေလေ၊ ရှင်သန်ရပ်တည်မှု ခက်ခဲလာလေ ဖြစ်လာကြတယ်။ တိုင်းပြည်နိုင်ငံရေး ပြည်တွင်း/ပြည်ပ ပဋိပက္ခပြသနာတွေကြောင့် ခံနိုင်ရည် မပြည့်မီတဲ့ ကြားမှ ပထဝီနိုင်ငံရေးပြောင်းလဲမှု၊ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းကြောင့် ပြန်လည်ထူထောင်ရေး၊ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် တစ်ပူပေါ်နှစ်ပူဆင့်လာပြီး ခါးသီးတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်း ရတတ်တယ်။ လက်ရှိဆယ်စုနှစ်များအတွင်း ပထဝီနိုင်ငံရေးပြောင်းလဲမှုတွေကြောင့် လူအချို့ဟာ သူတို့ စိတ်ကြိုက် အခြေစိုက်ရာအရပ်ကနေ ဘေးအမျိုးမျိုးက နှင်ထုတ်လိုက်လို့ ရွေးချယ်စရာလမ်းမရှိဘဲ အိုးအိမ်ဇာတိတို့ကို စွန့်ခွာခဲ့ရတယ်။ ကမ္ဘာ့အစိုးရများနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အဆိုပါပြောင်းလဲမှု အပေါ် ဘယ်လို ကိုင်တွယ်ဆောင်ရွက်ကြမလဲ။ သူတို့ကို ကူညီပံ့ပိုးဆောင်ရွက်ပေးမှသာ အထိအရှမခံနိုင်တဲ့ တိုင်းပြည်များရှိ လူဦးရေက ပုံမှန်ဖြစ်လာဖွယ် ရှိတယ်´´ဟု ကျွမ်းကျင်သူများက ဆိုသည်။

ယနေ့ကမ္ဘာကြီးရဲ့ နိုင်ငံရေးအခင်းအကျင်းသည် ကမ္ဘာကြီးတစ်ခုလုံးတွင် လူဦးရေကျုံ့သွားမည့် အနာဂတ်ကို လှမ်းမြင်နေရပြီဖြစ်သည်။ မည်သို့လျော့ကျသွားမည်ကို ခန့်မှန်းရန် စောနေသေးသည်။ တစ်ဖန် နိုင်ငံနယ်နိမိတ်အလိုက် လူဦးရေလျော့ကျသွားသည့်အတွက် အသစ်ဝင်ရောက် အခြေချမည့်သူများကို လက်ခံမည်ဆိုသော အယူအဆမှာ ရှော့ခ်အကြီးကြီး ဖြစ်နေသည်။ (သာတက)အနေဖြင့် ရခိုင်ဒေသတွင် တိုင်းရင်းသားများထက် ပိုများလာသောအခါ ဌာနေဇာတိ တိုင်းရင်းသား၊ နိုင်ငံသားတို့၏ ကိုယ်ပိုင် အမှတ်အသား သရုပ်လက္ခဏာများနှင့် သဟဇာတဖြစ်ခြင်း သို့မဟုတ် ဝိရောဓိဖြစ်ခြင်း ကိစ္စရပ်များက အချုပ်အခြာအာဏာသို့ တိုင်အောင် မိုးမီးလောင်သွားနိုင်သည်။

အကြောင်းမှာ အချုပ်အခြာအာဏာဟူသည် ပိုင်ဆိုင်မှုမှာ နယ်နိမိတ်နှင့် လူဦးရေကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး၊ မိမိနယ်နိမိတ် တိုင်းတပါးလူဦးရေအဖြစ် ရောက်ရှိသွားသောအခါ အဆိုပါနိုင်ငံအတွက် အနာဂတ်တည်ငြိမ်မှုကို မျှော်လင့်ရခက်သွားမည်မှာ အသေအချာပင်ဖြစ်ပေသည်။

ဖေါ်ပြပါ အခြေအနေများကို အခွင့်ကောင်း၍ လုပ်စားနေသော လူတစ်စုကရှိနေသည်။ ကြွက်ထောင်ချောက် ပုံပြင်ကို လူတိုင်းကြားဖူး ကြပေလိမ့်မည်။ တကယ့်အရေးကြုံလျှင် တိုင်းပြည်နိုင်ငံအင်အားသည် အဆိုပါ ပြည်တွင်း၌ပင်ရှိသည်။ (၁၃၅)မျိုးသော တိုင်းရင်းသားများ၏ အရေးသည် ပြည်တွင်းအရေးသာဖြစ်သည်။ ယနေ့ဖြစ်ပေါ်လာသည့် ပြသနာများမှာ အနောက်အုပ်စု၏ သွေးထိုးလှုံ့ဆော်မှုကြောင့်သာလျင် ကြီးထွားလာရခြင်းဖြစ်ကြောင်း အားလုံးအသိပင် ဖြစ်ပေသည်။ လာချင်လျှင်အနီးလေး ဆိုသလို အမှန်တကယ် မိမိလူမျိုးနှင့်တိုင်းပြည်နိုင်ငံအပေါ် သစ္စာပေး၍ ချစ်သည်ဆိုလျှင် အမှန်တကယ် ပြည်သူလူထုဘဝကို တည်ငြိမ်းအေးချမ်းပြီး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပျော်ရွှင်သည့်ဘဝများမြင်လို့သည့် ဆန္ဒရှိလျှင် (သို့မဟုတ်) သဘောထားမှန်ခဲ့လျှင် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးသည် မေတ္တာတရားကြီးမား၍ သည်းခံခွင့်လွတ်ခြင်း၊ အနစ်နာခံ ခွင့်လွတ်ခြင်း၊ အတ္တဟူသည့်မာန်မာနကို စွန့်လွှတ်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ဆွေးနွေးပွဲ စကားဝိုင်းများတွင် ညှိနှိုင်းအဖြေရှာပြီလျှင် မိမိတိုင်းပြည်နှင့် ၁၃၅ မျိုးသော ပြည်သူလူထုအား သားမြေးစဉ်ဆက် ကောင်းစားရေး အတွက် ထာဝရငြိမ်းချမ်းရေး လက်မှတ်တစ်ချက် ထိုးရန်ကြာချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကမ္ဘာတည်သရွေ့ တည်ရှိနေမည့် (၁၃၅)မျိုးသော တိုင်းရင်းသား ပြည်သူလူထု၏ မြင့်မြတ်သောနှလုံးသားထက်ဝယ် တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွတ်အနစ်နာခံသော သူရဲကောင်းများ (အာဇာနည်)အဖြစ် မြန်မာ့သမိုင်း၌ ကမ္မည်းတင်မော်ကွန်းဝင်သွားမည်မှာ မြန်မာသာမက ကမ္ဘာကပင် စံပြုလောက်ပေမည်ဖြစ်သည်။

သို့မဟုတ်လျှင် မြန်မာနိုင်ငံသားများအား ကမ္ဘာ့ဘုံကျွန်ဖြစ်ရေးနှင့် တိုင်းပြည်နှင့်လူမျိုးအား ကမ္ဘာ့မြေပေါ်မှ ပျောက်သုန်းသွားစေရန်အတွက် ပြည်တွင်းသစ္စာပေါက်တချို့သည် မျိုးရိုးစဉ်ဆက်အလိုက် မြန်မာနိုင်ငံအား အရင်းပြု၍ အနောက်မျှော်ပြည်တွင်း သစ္စာဖေါက်ပုဆိန်ရိုးလက်သစ်များကို မွေးမြူကာ ၎င်းတို့မိသားစုဘဝများ စဉ်ဆက်မပျက်ကောင်းစားရေးအတွက် တိုင်းပြည်နှင့်လူမျိုးမျက်နှာ မထောက်ပဲ ဘယ်သူသေသေ ဒေါ်လာရချင်ဇောဖြင့် မည်သူ့ထံမဆို ထိုက်တန်သော ငွေကြေးဖြင့် မြန်မာနိုင်ငံအားပြိုလဲစေရန်အတွက် တိုင်းပြည်နိုင်ငံအတွင်း မတည်ငြိမ်မှုများဖြစ်စေရန် အကြောင်းမျိုးမျိုးရှာ၍ နှောက်ယှက်ဖျက်ဆီးနေကြသည်မှာ ယနေ့အချိန်ထိပင်ဖြစ်ပေသည်။ (၁၃၅) မျိုးသောမြန်မာတိုင်းရင်းသားလူမျိုးများ အချင်းချင်း မစည်းလုံးပဲ သွေးကွဲနေလျှင် သစ္စာဖေါက်ပုဆိန်ရိုးများသည် နောင်လည်း ဆက်ရှိနေအုံးမည်ဖြစ်ပေသည်။

ဆောင်းပါးရှင် – မိုးမြင့်မောင်
ကိုးကား – ပြည်တွင်း/ပြည်ပ သတင်းများ
(ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။