Trending Now

အယူအဆလွဲတွေကို အကောင်းဆုံး သက်သေပြလိုက်တဲ့ The Three Gorges စီမံကိန်း

Spread the love

အယူအဆလွဲတွေကို အကောင်းဆုံး သက်သေပြလိုက်တဲ့ The Three Gorges စီမံကိန်း
EPN
ဆောင်းပါး၊ ဩဂုတ် ၂၀
ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ခြင်းကို ဆိုးကျိုးအဖြစ် အချို့သောသူများက ယနေ့ထက်တိုင် ခံယူထားကြပါတယ်။ ဒါကလည်း တစ်ချိန်က ကိုယ်ကျိုးကိုသာကြည့်ပြီး လုပ်ခဲ့တဲ့လူတစ်ချို့နဲ့ နိုင်ငံကြီးအချို့က ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ဖွံ့ဖြိုးမှုနောက်ကျအောင် ဝါဒမှိုင်းတိုက်မှုတွေ၊ နည်းပညာ အားနည်းမှုတွေကြောင့် ဖြစ်ပေါ်လာခဲ့ရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါ။ အခုဆိုရင် ၂၁ရာစုကို ကျော်လွန်လာခဲ့ပါပြီ။ နည်းပညာ တိုးတက်မှုတွေကလည်း အပြိုင်အဆိုင်ကို ဖြစ်လို့လာနေပါပြီ။
ယနေ့ခေတ် တိုးတက်လာတဲ့ နည်းပညာတွေအရ ရေအားလျှပ်စစ်ကို နည်းမှန် လမ်းမှန်နဲ့ သေချာ စနစ်တကျ ပညာရှင်တွေနဲ့သာ လုပ်ဆောင်မယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးရေးသာ မကဘဲ နိုင်ငံအတွင်းမှာ ကြုံတွေ့ရနိုင်တဲ့ မိုးခေါင်ရေရှား ပြသနာများကိုပါ ကာကွယ်နိုင်ပါတယ်။ ဒါကိုလည်း အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက The Three Gorges စီမံကိန်းကနေ သက်သေပြနိုင်ခဲ့ပါတယ်။
ဒီနှစ်နွေရာသီမှာ တရုတ်နိုင်ငံ တောင်ပိုင်းဒေသ မိုးခေါင်ရေရှားပြီး မြောက်ပိုင်းဒေသမှာ မိုးများပါတယ်။ ဒီနှစ်တရုတ်ပြည် တောင်ပိုင်းဒေသဖြစ်တဲ့ ယန်စီမြစ်အောက်ပိုင်းဒေသမှာ မိုးရွာတာအလွန်နည်းတဲ့အပြင် အပူချိန်အလွန်မြင့်တဲ့အတွက် မြစ်ကြောင်းတွေ ရေခန်းခြောက်သလောက်ဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်အနောက်တောင်ပိုင်းဒေသမှာရှိတဲ့ စီချွမ်ပြည်နယ်၊ ချုံချင့်မြို့ စတဲ့ဒေသမှာ အပူချိန်က ၄၀ ဒီဂရီနီးပါးရှိပြီး လျှပ်စစ်နဲ့ ရေမလုံလောက်တဲ့ ပြဿနာတွေ တွေ့ကြုံခဲ့ရပါတယ်။
ဒီအတွက်ကို ဒေသခံတွေရဲ့ သောက်သုံးရေနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးရေကို ထောက်ပံ့ပေးဖို့အတွက် တရုတ်ပြည်ဆည်မြောင်းဝန်ကြီးဌာနက ဩဂုတ်လ ၁၆ ရက်နေ့ကစပြီး ၅ ရက်အတွင်း The Three Gorges ရေလှောင်ကန်ကနေ ယန်စီမြစ်အောက်ပိုင်းဒေသကို ရေစုစုပေါင်း ကုဗမီတာ သန်း ၅၀၀ ဖြည့်သွင်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။
The Three Gorges စီမံကိန်းမှာ ကမ္ဘာမှာ အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံရှိတဲ့အပြင် The Three Gorges ရေလှောင်ကန်က မိုးရေများတဲ့အချိန်မှာ ရေကြီးမှုမဖြစ်စေဖို့ ရေလှောင်ခြင်း၊ မိုးခေါင်ရေရှားဖြစ်တဲ့အခါမှာ လှောင်ထားတဲ့ရေကို ဖြန့်ဝေပေးခြင်းတို့ဖြင့် ရေဘေးအန္တရာယ် ကာကွယ်ရေးဘက်မှာ များစွာအကျိုးသက်ရောက်မှုရှိစေပါတယ်။
The Three Gorges စီမံကိန်းက ရေကြောင်းပို့ဆောင်ရေးဘက်မှာလည်း အကျိုးအများကြီးရှိပါတယ်။ ဒီစီမံကိန်းအတည်ဆောက်ခင် The Three Gorges ဒေသမှာ မြေအနေအထား အနိမ့်နဲ့အမြင့် ကွာဟမှုများခြင်း၊ ရေမျက်နှာပြင်ကျဉ်းခြင်းတို့ကြောင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးအဆင်မပြေဘူး။ တစ်နှစ်ကို ပစ္စည်း တန်ချိန် ၁၃ သန်းလောက်ပဲ ပို့ဆောင်နိုင်ပါတယ်။ ဒီစီမံကိန်းတည်ဆောက်ပြီးနောက် ပို့ဆောင်ရေးပမာဏက ၁၀ ဆလောက် တိုးများလာပါတယ်။
The Three Gorges စီမံကိန်းကို ၁၉၉၄ ခုနှစ်က စတင်တည်ဆောင်ပြီး ၂၀၀၃ခုနှစ်က လျှပ်စစ် စတင်ထုတ်လုပ်လာပြီး ၂၀၀၉ ခုနှစ်မှာ အပြီး တည်ဆောင်လာခဲ့ပါတယ်။ ကုန်ကျငွေပမာဏက ယွမ်ဘီလျံ ၉၀ ရှိပါတယ်။ ၂၀၀၈ခုနှစ်အထိ The Three Gorges လျှပ်စစ်ရောင်းချခြင်းဖြင့်ရရှိတဲ့ ဝင်ငွေစုစုပေါင်း ယွမ် ဘီလျံ ၁၈၃.၁ ရှိပြီး ရင်းနှီငွေ အကုန်ပြန်လည်ရရှိလာပြီဖြစ်တယ်လို့လည်း သိရပါတယ်။၂၀၂၂ခုနှစ်အထိ ဒီစီမံကိန်းရဲ့ လျှပ်စစ်ထုတ်လုပ်ရေး ဝင်ငွေက ယွမ်ဘီလျံ ၁၀၀၀ကျော်ကျော်ရှိနေပါပြီ။လျှပ်စစ်အပြင် သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးလုပ်ငန်းမှာလည်း ဝင်ငွေအများကြီးရှိပါသေးတယ်။
ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ရေအားလျှပ်စစ် စီမံကိန်းရဲ့ အကျိုးကျေးဇူးတွေကို တွေ့မြင်ရမှာပါ။ ဒါဆိုရင် မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် အကောင်အထည် ဖော်မှုကို ကန့်ကွက်သူတွေ ဘာကြောင့်များခဲ့ရသနည်း။ လေ့လာမိသလောက် တင်ပြရမယ်ဆိုရင် ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံအားလုံးနည်းပါးသည် ဆည်တမံများ တည်ဆောက်ရာမှာ အနောက်နိုင်ငံက သွေးထိုးလှုံဆိုမှုနဲ့ “ခေတ်သစ်ဆည်တမံပညာရှင်” တွေရဲ့ လုပ်ဆောင်မှုတွေကြောင့် ထိခိုက်မှု များစွာခံစားခဲ့ရပါတယ်။ အနောက်နိုင်ငံတွေက ငွေကြေးထောက်ပံ့တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး NGO တွေသည် ရေကာတာများနဲ့ ပတ်သက်တဲ့ ကောလာဟလပြောဆိုချက်တွေကို အမြောက်အများ ဖြန့်ချီခဲ့ကြပါတယ်။
ဒီလိုမျိုး ကောလဟာလ သတင်းမှားတွေကြောင့် အိမ်နီးချင်းနိုင်ငံများနဲ့ အမေရိကန်ရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ နိုင်ငံတွင်း NGO တွေက ယင်းသတင်းမှားတွေကို လက်ဆင့်ကမ်းဖြန့်ဝေတာကြောင့် ဆည်၊ ရေကာတာတွေနဲ့ ပတ်သက်ပြီး ဗဟုသုတနည်းတဲ့ ပြည်သူတွေမှာ မှားယွင်းတဲ့ အတွေးအခေါ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အမှန် တကယ် ဆည်၊ တမံများကြောင့် ရရှိလာတဲ့ ကောင်းကျိုးတွေကို ဖုံးဖိထားကာ ဆိုးကျိုးများကိုသာ ဖြန့်ချိနေခြင်းသည် မိမိနိုင်ငံအတွင်း ဆည်၊ တမံများကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများသာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
နိုင်ငံအတွင်းမှာ မည်သည့် စီမံကိန်းကိုမဆို နှောက်ယှက် ကန့်ကွက်သူများရှိနေသ၍ နိုင်ငံဖွံ့ဖြိုး တိုး တက်ရေးကဏ္ဍ၌ အလှမ်းဝေးနေအုံးမှာဖြစ်ပါတယ်။ မည်သည့် စီမံကိန်းမဆို ကောင်းကျိုးနဲ့ ဆိုးကျိုး နှစ်ရပ်လုံးမှာ ဒွန်တွဲနေမည်ဆိုတာကို ရိုးရိုးသာမှန်လူပင်လျှင် နားလည်ထားကြပါတယ်။ အဖွဲ့ အစည်းတွေမှာ ပါဝင်လှုပ်ရှားသူများဆိုတော့ ပြောနေစရာ လိုတော့မည်မထင်ပါ။ ထိုကဲ့သို့ နိုင်ငံအတွင်း ရေတမံများတည်ဆောက်မှု နှောင့်နှေးခဲ့ရင် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း နောက်ကျ ကျန် ရစ်နေအုံးမှာဘဲ ဖြစ်ပါတယ်။
ရေကာတာ တည်ဆောက်မယ်ဆိုရင် ငလျင် လှုပ်စေမယ်၊ ရေလှောင်ကန်တွေမှာ ဓါတ်ရောင်ခြည် ထွက်စေမယ်၊ ရေကာတာတွေမှာရှိတဲ့ ငါးမျိုးစိတ်တွေ မျိုးသုဉ်းစေမယ် စတဲ့ ထိတ်လန့်ဖွယ် ကောလာဟာလတွေကို ကျယ်ပြန့်စွာ ဖြန့်ချီထားတာကြောင့် ပြည်သူတွေမှာ ဆည်တမံကို ဆန့်ကျင်စိတ်အမြဲရှိနေတာကြောင့် ပြည်သူလူထုအတွက် အကျိုးရှိတဲ့ ဆည်တမံတွေ ရေထိန်း စီမံကိန်းတွေ ဆောင်ရွက်ဖို့ ခက်ခဲနေတာပါ။
အခုအချိန်က ပြည်သူတွေရဲ့ အစွဲတွေကို ရှင်းလင်းပေးရမယ့် အချိန်ကာလပဲ ဖြစ်ပါတယ်။ နိုင်ငံအတွင်းအယူအဆ လွဲမှားမှုတွေကြောင့် ဖွံ့ဖြိုးမှု နောက်ကျခဲ့တဲ့ နိုင်ငံတွေကို ကြည့်ပြီး အတုယူသင့်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးဆိုတဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင်လဲ ရေအားလျှပ်စစ်ထုတ်လုပ်မှုမှာ ထိပ်ဆုံးကနေ ရပ်တည်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရ၊ ပြည်သူ၊ အဖွဲ့အစည်း စတဲ့ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်မှသာ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်မှာပါ။ အခုလို နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်မှာ ကောင်းကျိုး ဆိုးကျိုးတွေကို အလွယ်တကူ လေ့လာနိုင်ပါတယ်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် လျှပ်စစ်မီးက လွန်စွာပဲ အရေးကြီးလှပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ကြည့်မယ်ဆိုရင် လျှပ်စစ်မီးကို ပထမ ဦးစားပေး အနေနဲ့ လုပ်ဆောင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဖြစ်စေ၊ပြည်တွင်း ထုတ်ကုန်မြင့်တက်စေဖို့အတွက်ဖြစ်စေ လျှပ်စစ်မီးက အရေးကြီးကဏ္ဍတစ်ခု အနေနဲ့ ရပ်တည်နေတာကို တွေ့မြင်ရမှာပါ။ နောက်တစ်ချက်က နိုင်ငံတစ်နိုင်ငံရဲ့ လူနေမှု အဆင့်အတန်းကလည်း လျှပ်စစ်မီး အပေါ်ကို များစွာမူတည်ပါတယ်။
အဓိက ပြောချင်တာက မိမိတို့နိုင်ငံက မြစ်ချောင်းအင်းအိုင်တွေ ပေါများတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။ သဘာဝကပေးထားတဲ့ သဘာဝအရင်းအမြစ်လက်ဆောင်မွန်တွေကို နိုင်ငံဖွံ့ဖြိုးရေးအတွက် အကျိုးရှိစွာသုံးဖို့ လိုအပ်လာပါပြီ။ ဆိုလိုချင်တာက အယူအဆ အလွဲတွေကိုဖယ်ပြီး တိုးတက်လာတဲ့နည်းပညာတွေနဲ့အတူ ပြည်တွင်းပြည်ပ ပညာရှင်တွေရဲ့ အကူအညီကို ရယူပြီး နိုင်ငံဖွံဖြိုးရေးအတွက် အရေးကြီးတဲ့ လျှပ်စစ်ကဏ္ဍကို မြှင့်တင့်ဖို့ လိုအပ်နေပြီ ဖြစ်တယ်လို့ ဆိုလိုရင်းပဲ ဖြစ်ပါတယ်။
ဇက်ကေ
ကိုးကား။ ။ CRI myanmar

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။