Trending Now

ဝိုင်းမော်မြို့နယ် မန်ဝိန်းကျေးရွာတွင် KIA၊PDF ပူးပေါင်းအဖွဲ့က အိမ်စီးကားများကို ဆက်ကြေးကောက်

Spread the love

ဝိုင်းမော်မြို့နယ် မန်ဝိန်းကျေးရွာတွင် KIA၊PDF ပူးပေါင်းအဖွဲ့က အိမ်စီးကားများကို ဆက်ကြေးကောက်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မန်ဝိန်းကျေးရွာ နယ်ခြားစောင့်တပ်ဖွဲ့ စခန်းဟောင်းနေရာတွင် ယနေ့ နံနက် ၇နာရီ အချိန်က KIA၊ PDF ပူးပေါင်းအဖွဲ့က အိမ်စီးကားများ၊ ခရီးသည်ကားများ အပါအဝင် ကုန်စည်ပို့ဆောင်ရေး ကားများပါမကျန် ဆက်ကြေး ကောက်ခံနေကြောင်း ဒေသခံများ ပြောကြားအချက်အရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မန်ဝိန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဆက်ကြေး လာရောက်ကောက်နေသည့် အတွက် တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲငယ် ဖြစ်ပွားခဲ့ပြီး KIA၊ PDF ပူးပေါင်းအဖွဲ့မှ ယခု ဒုတိယအကြိမ် အင်အားတိုးချဲ့ကာ အိမ်စီးကားများနှင့် ကုန်စည်ပို့ဆောင်ရေးကားများ အပါအဝင် ဆက်ကြေး အတင်းအဓမ္မ ကောက်ခံနေကြောင်း ဒေသခံများက ပြောပြသည်။

“KIA၊PDF ပူးပေါင်းအဖွဲ့ အင်အားများတယ်၊ ဒီနေ့ မနက် ၇နာရီ အချိန်လောက်ကစပြီး ယူနီဖောင်းတွေနဲ့ရော အရပ်ဝတ်တွေနဲ့ရော ကားလမ်းဘေးမှာနေပြီး အိမ်စီးကား၊ ခရီးသယ်ပို့ဆောင်ရေးကား၊ ကုန်စည်ကား တွေကို ရပ်ခိုင်းပြီး ဆက်ကြေးကောက်နေတယ် KIA ရင်း(၃) ဌာနချုပ်က လာရောက်ကောက်ခံတာဖြစ်တယ်၊ နေ့လယ်ပိုင်းအထိ အခုအချိန်အထိ ရှိနေသေးတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ ဆက်ကြေးလာရောက်ကောက်နေသည့် KIA၊ PDF ပူးပေါင်းအဖွဲ့သည် အိမ်စီးကား တစ်စီးလျှင် ကျပ် (၂)သိန်း၊ ခရီးသယ်ပို့ဆောင်ရေး ကားများကို ကျပ် (၅) သိန်းတို့နှင့် ကုန်စည်ပို့ဆောင်ရေး ကားများကို ကျပ် (၁၀)သိန်းအထိ အတင်းအဓမ္မ
တောင်းယူ ကောက်ခံနေကြောင်း သိရသည်။

လက်ရှိ အချိန်တွင် ဝိုင်းမော်မြို့နယ် ခါ့ကွမ်ကျေးရွာအုပ်စု မဒိန်ကျေးရွာရှိ လာချိဒ်အိမ်တော်ရာ ဖွင့်ပွဲနှင့် မုခ်ဦးဖွင့် အခမ်းအနားသို့ ချီဖွေ၊ ဖီမော်၊ ပန်ဝါ စသည့် မြို့နယ်များမှ လာချိဒ်မျိုးနွယ်စုဝင်များက ဆင်းလာကြ‌သည့် အချိန်ဖြစ်ပြီး လမ်းခရီးတွင် KIA၊ PDFပူးပေါင်းအဖွဲ့မှ ယင်းကဲ့သို့ ဆက်ကြေးကောက် လူသစ်ဆွဲနေမှုများ ရှိနေသည့်အတွက် ယင်းအခမ်းအနားသို့ လာရောက်ရန် အခက်အခဲများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

KIA, PDF လက်နက်ကိုင်အဖွဲ့ အနေဖြင့် ယင်းပတ်ဝန်းကျင်တွင် ခရီးသွားပြည်သူများအား မကြာခဏ ဆက်ကြေးလာကောက်လေ့ရှိကြောင်း သိရပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း မန်ဝိန်းကျေးရွာအနီးတွင် ဆက်ကြေး လာရောက်ကောက်နေသည့် KIA,PDF လက်နက်ကိုင် အဖွဲ့နှင့် တပ်မတော်စစ်ကြောင်းတို့ ထိပ်တိုက်တွေ့ဆုံပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။