Trending Now

လေကြောင်းပိုင်နက်ထဲ ကျူးကျော်လာတဲ့ တရုတ်ဂျက်တိုက်လေယာဉ်တွေကို ထိုင်ဝမ် သတိပေး

Spread the love

လေကြောင်းပိုင်နက်ထဲ ကျူးကျော်လာတဲ့ တရုတ်ဂျက်တိုက်လေယာဉ်တွေကို ထိုင်ဝမ် သတိပေး

EPN
နိုင်ငံတကာ၊ ဇွန် ၉

ယနေ့ ထိုင်ဝမ်ကျွန်းအနာက်တောင်ပိုင်းရှိ လေကြောင်းကာကွယ်ရေးဇုန်အတွင်း ခဏတာ ဝင်ရောက်ခဲ့သည့် တရုတ် ဂျက်တိုက်လေယာဉ်များကို ထိုင်ဝမ်လေတပ်ဖွဲ့က သတိပေးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

တရုတ်နိုင်ငံ၏ ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ်များဖြစ်သည့် Su-30 တိုက်လေယာဉ်များကို ထိုင်ဝမ်လေတပ်၏ ဂျက်တိုက်လေယာဉ်များက လေကြောင်းကာကွယ်ရေးဇုန်အတွင်း ချက်ချင်း ထွက်ခွာသွားရန် နှုတ်ဖြင့်သတိပေးမှုများ ပြုလုပ်ခဲ့ ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထိုင်ဝမ်ကျွန်းမှာ ယင်း၏ပိုင်နက်ဖြစ်သည်ဟုဆိုသော တရုတ်နိုင်ငံသည် မကြာသေးမီက စစ်ရေးလှုပ်ရှားမှုများ အရှိန် မြှင့်တင်လုပ်ဆောင်ခဲ့ကြောင်း ထိုင်ဝမ်က ပြောကြားသည်။

စစ်ရေးလေ့ကျင့်မှုပြုလုပ်သည်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောသည်။ ထိုင်ဝမ်ကို ယင်း၏ ထိန်းချုပ်မှုအောက်ထားရှိရေး အင်အားအသုံးပြုမှု အစီအစဉ်ကို တရုတ်နိုင်ငံက မည်သည့်အခါမျှ မစွန့်လွှတ်ခဲ့ပေ။

ထိုင်ဝမ်၏ လွတ်လပ်သောနိုင်ငံတစ်ခုဖြစ်ရေး ကြိုးပမ်းမှုရပ်တန့်မည့် အခြားနည်းလမ်းမရှိလျင် တရုတ်နိုင်ငံက တိုက်ခိုက်ရလိမ့်မည်ဟု တရုတ်နိုင်ငံမှ အဆင့်မြင့်ဆုံး ဗိုလ်ချုပ်ကြီးတစ်ဦးက မကြာသေးမီက ပြောကြားခဲ့သည်။

တရားဝင် လွတ်လပ်ရေးကြေညာမှုကြောင့် ခွဲထွက်ရေးသမားတစ်ဦးအဖြစ် စွပ်စွဲခံထားရသည့် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်းကို တရုတ်နိုင်ငံက သံသယရှိနေသည်။ ထိုင်ဝမ်က တရုတ်သမ္မတနိုင်ငံဟု ခေါ်ဆိုသော လွတ်လပ်သော နိုင်ငံ တစ်ခုဖြစ်ကြောင်း ဆိုင်အင်ဝမ်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံကလည်း ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး မကြာခဏဆိုသလို ထိုင်ဝမ်ရေလက်ကြားအနီး စစ်သင်္ဘောများ ဖြတ်မောင်းမှုပြုလုပ်သည်။

အမေရိကန်နိုင်ငံမှ ဘိုအင်း ၇၃၇ ဗားရှင်း စစ်လေယာဉ်တစ်စင်းမှာ ခွင့်ပြုချက်ဖြင့် ထိုင်ဝမ်လေပိုင်နက်အတွင်း ဝင် ရောက်ခဲ့သော်လည်း မည်သည့် ထိုင်ဝမ်လေဆိပ်တွင်မျှ ဆင်းသက်ခဲ့ခြင်းမရှိကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သီးခြားထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

အဆိုပါ အမေရိကန်လေယာဉ်သည် အရေးပါသော အမေရိကန် လေတပ်အခြေစိုက်စခန်းတစ်ခုရှိရာ အိုကီနာဝါကျွန်း မှ ပျံတက်လာခဲ့ပြး အရှေ့တောင်အာရှဒေသသို့ ပျံသန်းရာတွင် ထိုင်ဝမ်ကျွန်း၏ မြောက်ပိုင်းနှင့်အနောက်ပိုင်းမှ ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်မီဒီယာများက ဖော်ပြခဲ့သည်။

အမေရိကန်နှင့်ထိုင်ဝမ်ကြား တရားဝင်ဆက်ဆံရေး တည်ထောင်ထားခြင်းမရှိသော်လည်း အမေရိကန်နိုင်ငံမှာ ထိုင်ဝမ်၏ အင်အားအတောင့်တင်းဆုံး နိုင်ငံတကာထောက်ပံ့သူ ဖြစ်သလို အဓိက လက်နက်ခဲယမ်းများထောက်ပံ့သည့် နိုင်ငံလည်းဖြစ်ကြောင်း၊ ထိုအချက်က အမေရိကန်-တရုတ်ဆက်ဆံရေး တင်းမာစေသောအကြောင်းရင်းဖြစ်ကြောင်း သိရသည်။

–ကိုးကား–
The Globe and Mail
Ref; Taiwan warns off Chinese fighters which entered its air space


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။