Trending Now

လူနေရပ်ကွက်အတွင်း တည်ဆောက်နေသည့် စက်သုံးဆီဆိုင်ပိတ်သိမ်းရေး ဆန္ဒထုတ်ဖော်ပွဲ မြစ်ကြီးနား၌ ခြောက်ရက်တိုင်တိုင် ပြုလုပ်သွားမည်

Spread the love

လူနေရပ်ကွက်အတွင်း တည်ဆောက်နေသည့် စက်သုံးဆီဆိုင်ပိတ်သိမ်းရေး ဆန္ဒထုတ်ဖော်ပွဲ မြစ်ကြီးနား၌ ခြောက်ရက်တိုင်တိုင် ပြုလုပ်သွားမည်

EPN
မြစ်ကြီးနား၊ မတ် ၂၃

လူနေရပ်ကွက်အတွင်း တည်ဆောက်နေသည့် စက်သုံးဆီဆိုင်ပိတ်သိမ်းရေး ဆန္ဒထုတ်ဖော်ပွဲ မြစ်ကြီးနားမြို့တွင် မတ်လ ၂၆ ရက်နေ့မှ စ၍ ခြောက်ရက်တိုင်တိုင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ စက်သုံးဆီအရောင်းဆိုင် တည်ဆောက်နေမှုနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲများထံ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးမှု မရှိသည့် အတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ဒေါ်မြစပယ်က ပြောပြသည်။

“ဒီဆီပန့်ဆိုင်တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့အကြောင်းကို ဒီအနီးတစ်ဝိုက်မှာနေထိုင်ကြတဲ့ ကျမတို့ ရပ်ကွက်နေပြည်သူတွေ လက်မှတ်ထိုးပြီး ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲများကို အကြိမ်ကြိမ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်၊ သက်ဆိုင်ရာက တစ်ကြိမ် ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့တယ်၊ ထူးခြားမလာပါဘူး၊ အဲ့ဒီနောက် နိုင်ငံတော်အဆင့်အထိ၊ နောက်ပြီး အမေစုဆီလဲ တင်ပြထားတယ် ကျမတို့ ပို့တဲ့ စာတွေက မရောက်တာလား၊ ဘယ်လိုအကြောင်းတွေကြောင့် ဆောင်ရွက်ပေးမှု မရှိတာလဲ မသိတော့ပါဘူး၊ ဒါကြောင့် အခုလို ဆန္ဒဖော်ထုတ်ရန် စီစဉ်ရခြင်း ဖြစ်ပါတယ်” ဟု ဒေါ်မြစပယ်က ဆိုသည်။

ယခုလက်ရှိ တည်ဆောက်နေသည့် စက်သုံးဆီဆိုင်၏ ဆီသိုလှောင်ကန်သည် လူနေအိမ်နှင့် လွန်စွာနီးကပ်လျှက်ရှိနေသဖြင့် ၎င်းတို့ မိသားစု အပါအဝင် အနီးပတ်ဝန်းကျင်မှ ပြည်သူများအနေနှင့် မီးဘေးအန္တရာယ်အတွက် နေ့စဉ် စိတ်သောကရောက်နေကြရကြောင့် ၎င်းက ဖြည့်စွက်ပြောပြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအတွက် (၂၂-၃-၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာသို့ ငြိမ်းချမ်းစွာစုဝေး ဆန္ဒဖော်ထုတ်ခွင့် တင်ပြထားပြီ ဖြစ်ကြောင်းနှင့် ဆန္ဒဖော်ထုတ်ပွဲကို မတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၆ ရက်တိုင်တိုင် နေ့စဉ် နံနက် (၈)နာရီခွဲ အချိန်မှ နေ့လယ် (၁၂)နာရီအထိ ရပ်ကွက်နေ ပြည်သူ  ၂၀၀ ခန့်ပါဝင်ကာ “လူနေအိမ်ရပ်ကွက်အတွင်း ဆောက်လုပ်လျှက်ရှိသော အန္တရာယ်ရှိ ပန့်ဆီဆိုင် တည်ဆောက်နေမှု လုပ်ငန်း ရပ်ဆိုင်းပေးရေးကိစ္စ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ရန်”၊ လူနေရပ်ကွက်အတွင်း ဆောက်လုပ်လျှက်ရှိသော အန္တရာယ်ရှိ ပန့်ဆီဆိုင် တည်ဆောက်နေမှု လုပ်ငန်းရပ်ဆိုင်းပေး”၊ ဤဖြစ်စဉ်အား ပြည်နယ်အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များမှ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုပါသည်” စသည့် စာသားပါ ဗီနိုင်းများဖြင့် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဖြိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။