Trending Now

KIA က ခရီးသွားပြည်သူများကို လူခွန်ဟုဆိုကာ တစ်ဦး ကျပ်တစ်သောင်း အတင်းအဓမ္မ ကောက်နေသည်ဟု ခရီးသည်အချို့ဆို

Spread the love

 

KIA က ခရီးသွားပြည်သူများကို လူခွန်ဟုဆိုကာ တစ်ဦး ကျပ်တစ်သောင်း အတင်းအဓမ္မ ကောက်နေသည်ဟု ခရီးသည်အချို့ဆို

EPN
ဝိုင်းမော်၊ ဇူလိုင်၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မန်ဝိန်းကျေးရွာ နှင့် အနီးဝန်းကျင်တွင် KIA လက်နက်ကိုင် အဖွဲ့က ခရီးသွားပြည်သူများကို လူခွန်ဟုဆိုကာ တစ်ဦးလျှင် ကျပ်တစ်သောင်း မပေးမနေရ အတင်းအဓမ္မ ကောက်ခံနေသည်ဟု ခရီးသွား ပြည်သူများထံမှ သိရသည်။

မြစ်ကြီးနား – ဝိုင်းမော် – ချီဖွေ သွားလမ်းပေါ်တွင်ရှိသည့် မန်ဝိန်းကျေးရွာ မိန်းလမ်းမပေါ်နှင့် ယင်း ကျေးရွာအနီးတွင် KIA လက်နက်ကိုင်အဖွဲ့မှ လာရောက်၍ မကြာခဏ ဆက်ကြေး ကောက်ခံလျှက်ရှိပြီး ယခုလ ဇူလိုင် ၁၆ ရက်နေ့က စတင်ကာ ခရီးသွားပြည်သူ၊ ကားကြီး၊ ကားလေးမကျန် ဆက်ကြေး ကောက်ခံ နေကြောင်း ခရီးသွား ပြည်သူများက ဆိုသည်။

“ဆက်ကြေး ကောက်တဲ့နေရာက အရင် ကောက်တဲ့ နေရာတွေမှာပဲ ကောက်နေတာ၊ မန်ဝိန်းဘုန်းကြီးကျောင်း နယ်ခြားစောင့်တပ် နေရာဟောင်းမှာရယ် လောဆာကုန်းဘက်မှာရယ် ကောက်နေတာ၊ တစ်နေရာမှာ ဆယ်ယောက် လောက်ရှိတယ်၊ သေနတ်တွေ ကိုင်ထားတယ်၊ KIA ဘက်တံဆိပ်ပါ ယူနီဖောင်းတွေ ဝတ်ထားတယ်၊ ကားကြီးတွေကိုတော့ ဘယ်လောက်အထိ ကောက်လဲ မသိဘူး၊ အိမ်စီးကားတွေကို တစ်နှစ်စာ နှစ်စဉ်ကြေး ကားတစ်စီး နှစ်သိန်းကောက်တယ်၊ ကုန်ပစ္စည်းတင်လာရင် ကားတစ်စီးကို လေးသောင်းကောက်တယ်၊ လူခွန်ဆိုပြီး ခရီးသည် တစ်ယောက်ကို တစ်သောင်း ကောက်တယ်၊ ကားအတွက် ဆက်ကြေးကောက်တာ ဖြတ်ပိုင်းပေးတယ်၊ ကုန်ပစ္စည်းနဲ့ လူခွန် အတွက် ကောက်တဲ့ ဆက်ကြေးအတွက် ဖြတ်ပိုင်းမပေးဘူး၊ တစ်ခါသွားရင် တစ်ခါ ပေးရတယ်” ဟု ခရီးသွား ပြည်သူတစ်ဦးက ပြောပြသည်။

ယင်းသို့ ဆက်ကြေးကောက်ခံနေသည့် KIA လက်နက်ကိုင် အဖွဲ့တွင် မူးရူးနေသူများလည်း ပါဝင်ပြီး ငွေမပါ၍ ဆက်ကြေးမပေးနိုင်သည့် ယာဉ်မောင်းများကို ဆဲရေးတိုင်းထွာကာ ခြိမ်းခြောက်ပြောဆိုသည်ဟုလည်း ယာဉ်မောင်း တစ်ဦးက ယခုကဲ့သို့ ပြောပြသည်။

“ကျွန်တော်တို့က ကိုယ်ပိုင်ကား မောင်းတာမဟုတ်ဘူး၊ အငှါးကား မောင်းတာ၊ လိုင်းကား မောင်းတာ၊ ပြီးခဲ့တဲ့က သူတို့အဖွဲ့ တားလို့ ကားရပ်ပေးပြီး ငွေမပါကြောင်း တောင်းပန်ပြောတာ မရဘူး၊ အဲဒီထဲက မူးနေတဲ့ သူတစ်ယောက်က ကျွန်တော်တို့ကို ဆဲတယ်၊ နောက်ပြီး နာမည်မေး မှတ်ပုံတင်တောင်းကြည့်တယ်၊ ပြီးတော့ ခြိမ်းခြောက်ပြီး အတင်းအဓမ္မ တောင်းနေလို့ အတူလာတဲ့ မိတ်ဆွေတစ်ယောက်ဆီကနေ ငွေငါးသောင်း ယူပြီး တောင်းတောင်းပန်ပန်နဲ့ ပေးလိုက်ရတယ်၊ ငွေတော့ ယူသွားတယ်၊ ဖြတ်ပိုင်းတော့ မရဘူး နောက်တစ်ကြိမ် အခွန်ဆောင်မှ ပေးမယ်လို့ပြောတယ်” ဟု ယာဉ်မောင်း တစ်ဦးက ပြောသည်။

KIA လက်နက်ကိုင်အဖွဲ့သည် မြစ်ကြီးနား-ချီဖွေသွားလမ်း၊ မြစ်ကြီးနား-တနိုင်းလမ်း၊ ပူတာအိုလမ်း၊ ကာမိုင်း-ဖားကန့် လမ်းပိုင်းများတွင် ယခုကဲ့သို့ ခရီးသွား ပြည်သူများကိုလည်း အခွန်အခ ဟုဆိုကာ ဆက်ကြေးတောင်းယူနေကြကာ တပ်မတော် စစ်ကြောင်းလာစဉ် ခဏ
ပျောက်သွား သော်လည်း မကြာခဏ ပြန်ပေါ်လာကာ ဆက်ကြေးတောင်းစားနေဆဲဖြစ်သည် ဟု ဒေသခံပြည်သူများထံက သိရသည်။

အလားတူ KIA လက်နက်ကိုင်အဖွဲ့သည် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါ်၊ ကျေးရွာမကျန် လုပ်ငန်းရှင်များ၊ ဆိုင်ပိုင်ရှင်များထံတွင်လည်း နှစ်စဉ်နှစ်တိုင်း ဆက်ကြေးကောက်ခံနေသည့်အတွက် ဆက်ကြေးပေးဆောင်နေရသည်မှာ နှစ်ပေါင်းများစွာ ကြာမြှင့် နေပြီ ဖြစ်သည်ဟု သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။