Trending Now

ရိုးရိုးလေးပဲ တွေးပြီး ပြောပါ

Spread the love

 

 ရိုးရိုးလေးပဲ တွေးပြီး ပြောပါ

EPN Article
ဆောင်းပါး၊ သြဂုတ် ၁၅၊ ၂၀၂၀
(ဗိုလ်ကျရေးသည်)

ကိုယ့်ပြည်တွင်းမှာ သစ်တောပြုန်းတီးမှုတွေ ဖြစ်နေတယ်ဆိုတာကတော့ ရှေးလွန်ခဲ့တဲ့ ကာလအစဉ် အဆက်က ဖြစ်နေခဲ့တာ ယနေ့အချိန်ထိပဲလို့ ပြောလို့ရပါတယ်။ နေရာဒေသတိုင်းမှာ တရားမဝင် သစ် ခိုးထုတ်ယူသူတွေက သစ်တွေ ခိုးထုတ်တာကြောင့် သဘာဝသစ်တောတွေ ပြုန်းတီးနေတာဖြစ်ပါ တယ်။

အဲဒီလို တရားမဝင် သစ်ထုတ်ယူခဲ့လို့လည်း နောက်ပိုင်းမှာ တောတောင်၊ ရေမြေသဘာဝအလှ တရားတွေ ပျက်စီးစေခဲ့တာဖြစ်ပါတယ်။ ဒီလို တရားမဝင်ခိုးထုတ်တာကြောင့် သစ်ပင်တွေ တလုံးတခဲ ပျက်စီးစေခဲ့တာ မှန်ပေမယ့် နှစ်ပေါင်းကာလကြာရှည် မသိမသာနဲ့ သစ်ပင်တွေ ပြုန်းတီးမှုဖြစ်စဉ်ကြီး ကိုတော့ လူတွေက သိပ်အလေးမထားဘဲ အမူးမေ့အမှတ်မေ့ဖြစ်ခဲ့ရပါတယ်။

ကိုယ့်နိုင်ငံဟာ သူများနိုင်ငံတွေလို လျှပ်စစ်ကို နယ်စွန်နယ်ဖျားအထိ လုံလောက်အောင် ရရှိဖို့ မပြော နဲ့ မြို့ကြီးပြကြီးတွေမှာတောင် ပြည့်ပြည့်ဝဝ မသုံးနိုင်သေးပါဘူး။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး မြို့အဆင့်သတ်မှတ်ထားတဲ့ နေရာတွေမှာတောင် လျှပ်စစ်မီး ဖူလုံမှု မရှိသေးသ၍တော့ နယ်တွေမှာ မီးကို လျှပ်စစ်ကဏ္ဍကနေ ရရှိဖို့ဆိုတာ အလှမ်းဝေးနေအုံးမှာဖြစ်ပါတယ်။

ဒေသခံတောင်ပေါ်နေ ပြည်သူများဟာ အိမ်တွင်း မီးဖိုချောင်မှာ ထင်းကို အားထားပြီး ချက်ပြုတ် စားသောက် နေရတဲ့ ကာလဟာ အခုအချိန်ထိ ဖြစ်ပါတယ်။ မီးဖိုချောင်လို့ ဆိုတဲ့နေရာမှာ နေ့စဉ်နှင့်အမျှ စားသောက်နေဖို့ ထင်း၊ ဟင်း လျာတွေကို ချက်ပြုတ်ဖို့ အသုံးပြုရပါတယ်။

အချို့ အိမ်မွေးတရိစ္ဆာန်တွေ ရှိတဲ့ မိသားစုတွေကတော့ သူတို့အတွက်ပါ ထပ်ပြီး အစာချက်ပြုတ်ပေး ရတာ ဖြစ်ပါတယ်။ ထင်းမသုံးတဲ့ အချို့ မြို့မရောက် တောမရောက်ဒေသတွေမှာ ကျပြန်ရင် ထင်းအ စား မီးသွေးခဲတွေကို အသုံးပြုကြပါတယ်။ မီးသွေးခဲကလည်း ထင်းကနေတစ်ဆင့် မီးသွင်းပြီး ထုတ်ယူ ခဲ့တာဖြစ်တဲ့အတွက် သစ်ပင် ပြုန်းတီးတာခြင်း အတူတူပဲဖြစ်ပါတယ်။ ထင်း၊ မီးသွေးတွေ အသုံးမပြုဘဲ နဲ့လည်း နေ့စဉ် ဝမ်းစာရေး ပြဿနာကို မဖြေရှင်းနိုင်ပြန်ရော။ ဒါကြောင့် ရတဲ့ ထင်း၊ မီးသွေးတွေကို အသုံးပြု ချက်ပြုတ်နေရတာဖြစ်ပါတယ်။

နယ်စပ်ကျေးလက် ဒေသတွေမှာ ထင်းနဲ့ မီးသွေးကို အသုံးပြုလာခဲ့တာဟာ နှစ်နှစ်၊ သုံးနှစ်သာသာပဲ ရှိသေးတာလည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဘေး၊ ဘိုး အစဉ်အဆက်ကတည်းက သုံးစွဲလာကြတာဖြစ်ပါ တယ်။ အဲဒီအချိန်တုန်းကတော့ ခေတ်ကာလအရ ဖွံ့ဖြိုးမှု နည်းပါးမှုကြောင့် သုံးစွဲတာဖြစ်မှန်ပေမယ့် ဒီ နေ့လို စက္ကန့်တိုင်းမှာ တိုးတက်ပြောင်းလဲနေတဲ့ ဂလိုဘာလိုင်ဇေးရှင်း ခေတ်မှာတော့ အဲဒီ သစ်ပင်တွေ ပြုန်းတီးစေတဲ့ နည်းစခနစ်ကို စွန့်လွတ်သင့်ပါပြီ။ ဒါကတော့ နေ့စဉ် ဝမ်းရေးအတွက် အသုံးပြုရတဲ့ ထင်း၊ မီးသွေး ကဏ္ဍပေါ့။

နောက်တစ်ချက်က ရွေ့ပြောင်းတောင်ယာခုတ်တဲ့ စနစ်ကလည်း တောတောင်တွေကို ပြုန်းတီးစေ တယ်လို့ လူကြီးမင်းတွေက ဝေဖန်ပြောနေကြတာ ကြားဖူးနားဝနေပါပြီ။ တစ်နှစ် တစ်တောင်နှုန်းနဲ့ ရွေ့ပြောင်း တောင်ယာခင်းတွေ လုပ်ကြမယ်ဆိုရင် ဆယ်နှစ်အတွင်းမှာ ဘယ်လောက်အထိ သစ်ပင် တောတောင်တွေ ပျက်စီးထိခိုက်စေမလဲဆိုတာ တွက်ဆလို့ ရပါတယ်။

ဒါကလည်း တောင်ပေါ်နေ ပြည်သူလူထုတွေမှာ အပြစ်ပြောစရာမရှိပါဘူး။ သူတို့မှာ ဒီရွေ့ပြောင်း တောင်ယာတွေ မလုပ်ရရင်  ဝမ်းစာရေးကို ဘယ်လို ဖြေရှင်းရမလဲပေါ့။ သို့သော် ဒီနေရာမှာ ပြောချင်တာက အရင်ကုန်လွန်ခဲ့တဲ့ ကာလတွေကို အပြစ်လို ပုံချလို့ မရပါဘူး။ အဲဒီတစ်ခေတ်ကတော့ ဒီလိုနဲ့ပဲ ဖြေရှင်းရတာ ဖြစ်ပါတယ်။ တခြားသော ရွေးချယ်စရာ နည်းလမ်းမရှိပါဘူး။

ဒီနေ့ခေတ် ကမ္ဘာကြီးကို ကမ္ဘာ့ရွာလို ခေတ်ပြိုင်နေတဲ့ကာလမှာ အခုလိုလျှပ်စစ်ကဏ္ဍကို ကျေးရွာ နယ်စပ်ဒေသ မှာပါ ရရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

တစ်နိုင်ငံလုံး၊ နယ်စပ်ကျေးရွာတွေ မကျန် လျှပ်စစ်မီးရရှိအောင် အရင်ဆောင်ရွက်ပေးပြီးမှ အထက်မှာ ပြောခဲ့တဲ့အချက်တွေကို ဆောင် ရွက်နိုင်မှာပါ။ သေချာတာကတော့ ကျေးလက်နေပြည်သူတွေအနေနဲ့လည်း ထင်၊ မီးသွေးတွေကို နှစ်ကာလ အကြာကြီး သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာတောင် ကားလမ်း ပေါက်ရောက်ပြီးဖြစ် တဲ့ ကျေးလက်ရွာတွေမှာ ထင် ခုတ်ထွင်ဖို့အတွက် သစ်ပင်တွေ ရှားပါးနေပြီလို့ ပြောဆိုကြပါတယ်။

ကချင်ပြည်နယ်ရဲ့ ကျေးလက်နေပြည်သူများနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ သစ်ပင်တွေနဲ့ စိမ်း လန်းစိုပြေနေပါတယ်။ ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံအတွင်း ဝင်ရောက်သွားတာနဲ့ လမ်းဘေး ဝဲ၊ ယာမှာ သစ်ပင်တွေနဲ့ စိမ်းမြလို့ စိတ်တွေပါ အေးချမ်းစေပါတယ်။ အစိုးရကလည်း သစ်ပင်တွေ မခုတ်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

တားမြစ်ထားတဲ့ သစ်ပင်တွေ ခုတ်တာ တွေ့ခဲ့လို့ရှိရင် အပြင်းထန်ဆုံး အရေးယူမှုတွေ ပြုလုပ်နေပါတယ်။ ဒီလို သစ်ပင်တွေ၊ သဘာဝပတ်ဝန်းကျင်တွေ မပျက်စီးစေဖို့ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ တရုတ်ပြည်မကြီးတွေက မြို့တော်ကြီးတွေကို မပြောလိုဘဲ နယ်စပ်တစ်လျှောက် မြို့ငယ်လေးတွေမှာတောင် ပတ်ဝန်းကျင် စနစ်တကျ ထိန်းသိမ်း ထားတာတွေ့ရပါတယ်။

သစ်ပင်တွေကို စနစ်တကျ စိုက်ပျိုး ထိန်းသိမ်းထားကြတယ်။ စိမ်းလန်းစိုပြေမှု တွေဝေဆာလှပါရဲ့။ တရုတ်နိုင်ငံရဲ့ တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးကို အလုံအလောက် ပေးစွမ်းနိုင်တဲ့အတွက် စက်မှုဇုံတွေ၊ လုပ်ငန်းခွင်တွေ၊ အိမ်သုံးလုပ်ငန်းခွင်တွေ အားလုံးမှာ မီးအတွက် အခြားကဏ္ဍကနေ ထုတ်ယူစရာမလို တော့ပါဘူး။

ဖွံ့ဖြိုးရေးလုပ်ငန်းအတွက်ဖြစ်စေ၊ နေ့စဉ် လူ့ဘဝအသက်ရှင်နေထိုင်ရေးအတွက် လိုအပ် တဲ့ လျှပ်စစ်ကဏ္ဍကို ပြည့်ပြည့်ဝဝ ရှိနေခြင်းဟာ သဘာဝပတ်ဝန်းကျင်နှင့် သစ်ပင်တွေကို သီးသန့် ထိန်းသိမ်းစရာ မလိုတော့ပါ။
လျှပ်စစ်ကို ပြည့်ပြည့်ဝဝ ထုတ်ပေးခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းပြီးသား ဖြစ်သွားပါပြီ။

ကိုယ့်နိုင်ငံအတွင်းမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အစိုးရအဖွဲ့သာမက အရပ် ဖက်အဖွဲ့အစည်းတွေပါ ရှိနေပါသော်လည်း သူတို့တွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ဘယ်လို စီမံချက်တွေ ရေးဆွဲ လုပ်နေသလဲဆိုတာကိုတော့ မေးခွန်းထုတ်စရာပါ။ နှစ်စဉ် မိုးရာသီကာ လ၊ အထိမ်းအမှတ်နေ့တွေမှာ သစ်ပင်စိုက်ပွဲတော်တွေ ကျင်းပကြပါတယ်။ သစ်ပင်တွေ စိုက်ရုံနှင့် မလုံ လောက်ပါဘူး။ အဲဒီစိုက်ခဲ့တဲ့ သစ်ပင်တွေ ရှင်သန်ကြီးထွားလာအောင်လည်း ပြုစုပျိုးထောင်နိုင်ရမှာပါ။ ဒါက မရှိတဲ့ အရာတွေကို လူတွေကို လုပ်ယူပြီး သစ်ပင်တွေ ထွန်းကားလာစေဖို့ လုပ်ရပ်လို့ ပြောရမှာပါ။

ဆိုလိုချင်တာက ရှိနေတဲ့ သစ်တောတွေ ပြုန်းတီးမှု မရှိစေဖို့ ဆိုရင် ကျေးလက်ဒေသတွေမှာ ထင်း၊ မီး သွေးအသုံးပြုတဲ့ စနစ်တွေကို ပြောင်းလဲ ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ထင်း၊ မီးသွေး ဆိုတာဟာ တစ်နှစ် တစ်ကြိမ် အသုံးပြုနေခြင်းမဟုတ်ပါဘူး။ နေ့စဉ် လူတွေအသက်ရှင်ဖို့ စားသုံးရသလို အဲဒီ လူတွေ စား သုံးနိုင်ဖို့အတွက် မီးတွေနဲ့ ချက်ပြုတ်ရတာဖြစ်ပါတယ်။

ဒါကြောင့် ပညာရှင်၊ ဉာဏ်ကြီးရှင်တွေလို မပြောလိုတောပါဘူး။ သူတို့တွေက ပိုသိနေလိမ့်မယ်။ ဒါကြောင့် ရိုးရိုးလေး တွေးပြီး ပြောပါ။ သစ်ပင်တွေ၊ သစ်တောတွေ ထိန်းသိမ်းနိုင်ဖို့အတွက် လျှပ်စစ်မီးတွေ လုံလောက်အောင်ပေးပါ။ ဒါပါပဲ။

ဗိုလ်ကျ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။