Trending Now

အမေရိကန် ကျန်းမာရေးဝန်ထမ်း ၇၅,၀၀၀ ကျော် လစာတိုးမြင့်ပေးဖို့ ဆန္ဒပြ

Spread the love

အမေရိကန် ကျန်းမာရေးဝန်ထမ်း ၇၅,၀၀၀ ကျော် လစာတိုးမြင့်ပေးဖို့ ဆန္ဒပြ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၅

အမေရိကန်နိုင်ငံမှာ ထောင်နဲ့ချီတဲ့ ကျန်းမာရေးဝန်ထမ်းတွေက လစာပိုမိုတိုးမြင့်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဆေးဘက်ဆိုင်ရာနှင့် အာမခံအဖွဲ့ Kaiser Permanente က ညွှန့်ပေါင်းအဖွဲ့ဟာ အောက်တိုဘာ ၄ ရက်နေ့က စတင်ပြီး လုပ်ငန်းခွင်ကို မသွားဘဲ သပိတ်မှောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါကျန်းမာရေးဝန်ထမ်းတွေက လေးနှစ်အတွင်းစုစုပေါင်းလစာ ၂၄.၅ ရာခိုင်နှုန်းတိုးမြင့်ပေးဖို့ တောင်းဆိုထားပြီး ဒါပေမယ့် သူတို့ရဲ့ အလုပ်ရှင်တွေရဲ့ ကမ်းလှမ်းချက်က အဲ့ဒီထက် အများကြီးနှိမ့်ကျနေတယ်လို့ သိရပါတယ်။

သဘောတူညီချက်မရရှိခဲ့ပါက သုံးရက်ကြာသပိတ်မှောက်မယ်လို့ ကုမ္ပဏီကို အသိပေးထားတယ်လို့ ညွှန့်ပေါင်းအဖွဲ့က ပြောပါတယ်။

အသက် ၄၀ နှစ်အရွယ် သူနာပြုတစ်ဦးက “ကျွန်တော်တို့ဟာ ကပ်ရောဂါကို ဖြတ်ကျော်ပြီး အလုပ်လုပ်နေရပါတယ်။ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဝန်ထမ်းနည်းပါးပြီး လစာနည်းပါတယ်။ လူနာတွေကို ကောင်းကောင်းဂရုစိုက်ဖို့ လိုအပ်တာတွေကို မပေးပါဘူး” လို့ပြောပါတယ်။

သူနာပြုတွေ၊ ဆေးဝါးပညာရှင်တွေနဲ့ အခြားကျန်းမာရေးဝန်ထမ်း ၇၅,၀၀၀ ကျော် ပါဝင်တဲ့ အဆိုပါသပိတ်ဟာ အမေရိကန်သမိုင်းမာ အကြီးမားဆုံးကျန်းမာရေးဝန်ထမ်းသပိတ်အဖြစ် အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကယ်လီဖိုးနီးယားအခြေစိုက် Kaiser Permanente ဟာ အော်ရီဂွန်၊ ဗာဂျီးနီးယားနဲ့ အခြားပြည်နယ်တွေမှာ ဆေးရုံ ၃၉ ခုနဲ့ ဆေးခန်းပေါင်း ၆၂၀ ကျော်ကို ဖွင့်လှစ်ထားပြီး ဆေးရုံ၊ဆေးခန်းအချို့ ရပ်နားထားရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ငွေကြေးဖောင်းပွမှုဟာ လူနေမှုအဆင့်အတန်းကို ထိခိုက်လာတဲ့အတွက် ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ ကြီးမားတဲ့ သပိတ်မှောက်မှု အများအပြားရဲ့ နောက်ဆုံးတစ်ခုဖြစ်ပြီး United Auto Workers သမဂ္ဂနဲ့ Hollywood သရုပ်ဆောင်တွေလည်း လုပ်ငန်းခွင်ကို ရပ်နားထားဆဲဖြစ်ပါတယ်။

ref; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။