Trending Now

တာလောကြီးဒေသတစ်လျှောက် တရားမဝင် ရွှေတူးဖော်နေသည့် စက်ယန္တရားများဖမ်းဆီး

Spread the love

တာလောကြီးဒေသတစ်လျှောက် တရားမဝင် ရွှေတူးဖော်နေသည့် စက်ယန္တရားများဖမ်းဆီး

EPN
မြစ်ကြီးနား၊ မေ ၁၅

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊တာလောကြီးဒေသတွင် ယခုနှစ် မေလအထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမဝင် ရွှေတူးဖော်မှုများကို ဖမ်းဆီးခဲ့မှုတွင် ပိုင်ရှင်မဲ့များသာဖြစ်ကြောင်း သတ္တုတွင်းဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)မှ သိရသည်။

ယင်းတရားမဝင်ရွှေတူးဖော်မှုများမှာ နောင်တာလော၊ ၊ခတ်ချို၊ နောင်ဟီး၊ စန်းကား၊ ဥလောက်၊ ခေါင်ဖူး၊တာလောကြီး၊ စံကင်း၊ ဟိုကပ်၊ တာပဒေါင်း၊ ငှက်ပျောတော၊ငါးပေါက်တော၊ ဆွန်ဒူ၊ စံပွား၊ ဆင်ဘို၊ မံကင်း စသည့်ဒေသတစ်ဝိုက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်တို့တွင် တူးဖော်လျက်ရှိပြီး သက်ဆိုင်ရာများအနေဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် စက်လှေနှင့် ဆက်စပ်စက်ယန္တရားများသာ ဖမ်းဆီးရမိပြီး တူးဖော်သူများကို ယခု နှစ်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိသေးကြောင်း သတ္တုတွင်းဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ) ညွှန်ကြားရေးမှူးဦးစောယုကဆိုသည်။

တာလောကြီးဒေသတစ်လျှောက် သက်ဆိုင်ရာများအနေဖြင့် ၂၀၁၉ စက်တင်ဘာလတွင် တစ်ကြိမ် သွားရောက်ဖမ်းဆီးရာ၌ စက်လှေ (၂)စီး၊ ဧပြီလ (၂၃)ရက်နေ့တွင် သွားရောက်ဖမ်းဆီးရာ၌ စက်လှေ(၂)စီး စုစုပေါင်းစက်လှေ (၄)စီးနှင့်ဆက်စပ်စက်ယန္တရားများကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သတ္တုတွင်းဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)မှ ဦးစောယုက ဆိုသည်။

“မြစ်ချောင်းထဲမှာကျတော့ ပိုင်ရှင်မိဖို့က မလွယ်ဘူးသူတို့က ကျွန်တော်တို့ကို အဝေးကမြင်တာနဲ့ တစ်ခါတည်းပြေးသွားကြတာ။ သူတို့ကရေလည်းကျွမ်းကျင်တယ်။ လူမမိဘူး၊ စက်ကတော့ဒီတိုင်ပစ်ထားလိုက်တာပေါ့”ဟု ဦးစောယုက ပြောသည်။

ယင်းဒေသတစ်လျောက် တရားမဝင်ရွှေတူးဖော်သည့် သူများမှာ အများအားဖြင့် ဒေသခံအများဆုံးဖြစ်ပြီး စက်ယန္တရားကြီးကြီးမားမားဖြင့် လုပ်ကိုင်သူများမှာ နယ်ဝေးမှ လာရောက်လုပ်ကိုင်ကြသူများဖြစ်ကြောင်း သိရသည်။

ယင်းဒေသခံအများဆုံးမှာ ဧရာဝတီမြစ်ကိုအမှီပြုကာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူများဖြစ်ပြီး ယခုကဲ့သို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်တရားမဝင်ရွှေတူးဖော်မှုများကြောင့် ဒေသခံများအတွက် နစ်နာထိခိုက်မှုများ ရှိနေကြောင်း တာလောကြီးဒေသခံတစ်ဦးဖြစ်သူ ဦးထွန်းဝေက ဆိုသည်။

“ဒီဘက်ကလူတွေက ပဲ၊ ပြောင်း တို့ လုပ်ကိုင်စားသောက်ကြတဲ့သူတွေများပါတယ်။ အဲ့တော့ ဒီမြစ်ကို မှီခိုပြီး လုပ်ကိုင်စားသောက်နေရတယ်။ မြစ်ဘေးမှာ လုပ်ကိုင်စားသောက်ရတာ အခုလို ရွှေတူးတော့ ကမ်းပြိုတာတို့၊မြစ်ကြောင်းပိတ်တာတို့၊ ရေနှောက်တာတို့ဖြစ်တော့ ဒေသခံတွေအတွက် အများကြီးကို ထိခိုက်မှုရှိတယ်”ဟု ဦးထွန်းဝေက ပြောသည်။

သက်ဆိုင်ရာများအနေဖြင့် ယခုကဲ့သို့ တရားမဝင်ရွှေတူးဖော်မှုများ ဖမ်းဆီးရာတွင် စက်ယန္တရားများအပြင် တူးဖော်သည့်သူများပါ ဖမ်းဆီးပြီး ထိရောက်စွာအရေးယူဆောင်ရွက်ပေးစေလိုကြောင်း ယင်းဒေသခံများက ဆိုသည်။

ဤသို့သွားရောက် ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့၊ တပ်မတော်၊သတ္တုတွင်းဦးစီးဌာန၊ ရေအရင်းအမြစ်ဦးစီးဌာနနှင့်သက်ဆိုင်ရာအဖွဲ့အစည်းတို့ ပူးပေါင်းကာသွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။