Trending Now

မြစ်ကြီးနားတွင် ဆိုင်ကယ် အပိုပစ္စည်းများ ဈေးနှုန်းမြင့်တက်နေသဖြင့် ဆိုင်ကယ်ပြင်ဆိုင်သွားရန် ကြောက်ရွှံ့နေဟု မြို့ခံများဆို

Spread the love

မြစ်ကြီးနားတွင် ဆိုင်ကယ် အပိုပစ္စည်းများ ဈေးနှုန်းမြင့်တက်နေသဖြင့် ဆိုင်ကယ်ပြင်ဆိုင်သွားရန် ကြောက်ရွှံ့နေဟု မြို့ခံများဆို

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၅ (၂၀၂၃)

မြစ်ကြီးနားမြို့နယ်တွင် ယခုနှစ်အတွင်း ဆိုင်ကယ်အပိုပစ္စည်းများ ဈေးနှုန်းများ ဈေးနှုန်းမြင့်တက်လာသဖြင့် ဆိုင်ကယ်ပျက်မှာ စိုးရိမ်နေကြပြီး ဆိုင်ကယ်များ ဝပ်ရှော့ဆိုင် ပို့ရမည်ကို ကြောက်ရွှံ့နေကြောင်း မြို့ခံများထံက သိရသည်။

မြစ်ကြီးနားမြို့တွင် ယခုနှစ်အတွင်း ဆိုင်ကယ် အပိုပစ္စည်းများ ဈေးနှုန်းများ တစ်ပတ်ထက် တစ်ပတ် ဈေးနှုန်းများ မြင့်လာသဖြင့် ဆိုင်ကယ် နေ့စဉ်အသုံးပြုနေရသူများအနေဖြင့် ဆိုင်ကယ် ပျက်၍ ပြုပြင်ရပါက ငွေကုန်ကြေးကျ ပိုများလာကြောင်း ကြက်ပေါင်ခြံ ရပ်ကွက်နေသူ ဦးအောင်ဝင်းက ယခုကဲ့သို့ ပြောပြသည်။

“ဆိုင်ကယ်ပျက်လို့ ဆိုင်တစ်ခါပို့ရရင် ‌သောင်းကဏန်း ကုန်ကျတယ်၊ ဘီးပေါက်လို့ ကျွတ်လဲရမယ်ဆိုရင် အရင်လို သုံးထောင်လောက်နဲ့ မရတော့ဘူး၊ အရင်က ဘရိတ်ရှူး တစ်ခုကို အရင်က ထောင့်ငါး‌ရာလောက်ပဲ ပေးရတာ အခုက လေးထောင်လောက်ပေးရတယ်၊ အင်ဂျင်ဝိုင်လဲ တစ်ဗူးကို ကိုးထောင် တစ်သောင်းဖြစ်နေပြီ၊ ချိန်းစပေါ့ကတ် ဆိုလဲ အရင်လို တစ်သောင်းကျော်လောက်နဲ့ မရတော့ဘူး၊ သုံးလေးသောင်း ပေးရတယ်၊ ဆိုင်ကယ် ပျက်မှာကို ကြောက်နေပြီ”ဟု ၎င်းက ဆိုသည်။

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်အပိုပစ္စည်းများ ဈေးနှုန်းများမှာ ဘရှူးမှ စ၍ ဆိုင်ကယ်ကျွတ်၊ တာယာ ဈေးအထိ ဈေးကြီးနေပြီး အခြား အင်ဂျင်အတွင်း ပစ္စည်းများမှာလည်း ယခင်ဈေးနှုန်းများထက် ထက်ဝက်ကျော် ဈေးမြင့်နေသဖြင့် ဆိုင်ကယ်အသုံးပြုနေရသော ပြည်သူများအနေဖြင့် များစွာအခက်အခဲ ဖြစ်နေကြရသည်ဟု မြို့ခံများထံမှ သိရသည်။

“ကျွတ်လဲ၊ ပလပ်လဲတာလောက်ဆိုရင် သုံးလေးငါးထောင် ကုန်တယ်၊ ကြီးကြီးမားမား ပျက်ပြီဆိုရင်တော့ သောင်းကြီး ကဏန်းကနေ သိန်းကျော်အထိ ကုန်ပြီတာမှတ်၊ မလွယ်ဘူးဗျာ”ဟု ၎င်းက ဆက်၍ ဆိုသည်။

အလားတူ ဆိုင်ကယ် ‌မောင်းရန်အတွက် မရှိမဖြစ် လိုအပ်သော ဓါတ်ဆီဈေးများမှာလဲ မြစ်ကြီးနားတွင် တစ်လီတာလျှင် နှစ်ထောင့်ငါးရာကျပ်ဝန်းကျင် ပေးဝယ်နေကြရသဖြင့် ဆိုင်ကယ်အသုံးပြုနေရသော ပြည်သူများ အနေဖြင့် နေ့စဉ် အခက်တွေ့နေကြရသည်ဟု ပြည်သူများက ဆိုကြသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။