Trending Now

မြေပုံမြို့နယ်မှ မီးဘေးသင့် ပြည်သူများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေ

Spread the love

မြေပုံမြို့နယ်မှ မီးဘေးသင့် ပြည်သူများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေ

EPN
မြေပုံ၊ ဖေဖော်ဝါရီ ၂၄ (၂၀၂၄)

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် ပေါ့ဆမီးကတဆင့် မီးလောင်မှုကြောင့် နေအိမ် ၂၇ လုံးပျက်စီးကာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် မီးဘေးသင့် ပြည်သူ ၁၀၀ ကျော်အတွက်အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်၊ ဂုံးခွံလမ်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်၊ နေ့လယ် ၁ နာရီ၊ ၁၀ မိနစ်ဝန်းကျင်က မီးဖိုဆောင် ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး၊ အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၇၁ ဦး၊စုစုပေါင်း လူဦးရေ  ၁၂၆ ဦးမှ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

“ မီးစလောင်တာက ထမင်းဟင်းချက်ပြီးကျန်ခဲ့တဲ့ မီးကြွင်းမီးကျန်ကနေ စလောင်ခဲ့တာပါ။ လောလောဆယ်တော့ မီးဘေးသင့်တွေကို နီးစပ်ရာကျန်ရှိတဲ့ အိမ်တွေမှာ ယာယီခေတ္တ ထားရပါတယ်။
မီးလောင်သွားတာက ပစ္စည်းတခုမှ မရလိုက်ဘူး။ အဲ့ဒါကြောင့် စားနပ်ရိက္ခာတို့၊ အဝတ်အထည်တို့၊ စောင်တို့ လိုအပ်နေတာ။ အဓိက ကတော့ နေစရာနဲ့ စားစရာတွေပါ ” ဟု ၎င်းကပြောသည်။

အဆိုပါ  မီးလောင်ကျွမ်းမှုသည် အချိန် ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး ဒေသမတည်မငြိမ်မှုများကြောင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများကို အချိန်မီ မဆောင်ရွက်နိုင်ခဲ့ပဲ လက်ရှိတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက်ပါ အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

ယင်းကဲ့သို့ အကူအညီ လိုအပ်နေသော မီး‌ဘေးသင့် ပြည်သူများ အတွက် မီးလောင်ရာနေရာသို့ ကိုယ်တိုင်လာရောက် လှူဒါန်းနိုင်သကဲ့သို့ KBZ Pay ကနေတဆင့် ဖုန်းနံပါတ် ၀၉၄၂၁၇ ၄၇၇၂၅ ကိုလည်း ပေးပို့လှူဒါန်းနိုင်ကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။