Trending Now

ထိုင်းနိုင်ငံက ဒုက္ခသည်ကိုင်တွယ်ဖြေရှင်းရေးနဲ့ လုံခြုံရေး တုံ့ပြန်မှုဆိုင်ရာ မူဘောင်ကို ချမှတ်ခဲ့

Spread the love

ထိုင်းနိုင်ငံက ဒုက္ခသည်ကိုင်တွယ်ဖြေရှင်းရေးနဲ့ လုံခြုံရေး တုံ့ပြန်မှုဆိုင်ရာ မူဘောင်ကို ချမှတ်ခဲ့

EPN
နိုင်ငံတကာ၊ ဧပြီ ၂၄

ထိုင်း-မြန်မာ နယ်စပ်တလျှောက် အခြေအနေတွေကို တာဝန်ယူတဲ့ ထိုင်းအစိုးရ ကော်မတီက အင်္ဂါနေ့ ပထမအကြိမ် အစည်းအဝေးမှာ ဒုက္ခသည်တွေ ကိုင်တွယ်ဖြေရှင်းရေးနဲ့ လုံခြုံရေး တုံ့ပြန်မှုဆိုင်ရာ မူဘောင်ကို ချမှတ်ခဲ့ပါတယ်။

အဆိုပါအစည်းအဝေးကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘဟစ်ဒဟာ နူကာရာက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် နဲ့ ပြည်ထဲရေးဝန်ကြီး အန်နူတင် တို့ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဦးဆောင်တဲ့ ကော်မတီအဖွဲ့ဟာ မြဝတီနယ်စပ်အနီးက မဲဆောက်မြို့ကို အင်္ဂါနေ့က ရောက်ရှိခဲ့ပြီး ဧပြီလ ၁၁ ရက်နေ့က ကော်မတီစတင်ဖွဲ့စည်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာသူတွေဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့၊ မြန်မာအစိုးရအပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ထိုင်းနိုင်ငံကို အသုံးမပြုစေဖို့နဲ့ ခွဲခြားမှုမရှိပဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမှုတွေကို လိုက်နာဖို့ သဘောတူညီခဲ့ကြတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ နီကွန်ဒက်က ပြောပါတယ်။

အမျိုးသားလုံခြုံရေးကောင်စီ (NSC) ကလည်း မြန်မာနိုင်ငံအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ အသိုက်အဝန်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ယူထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ စဉ်ဆက်မပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပေမယ့် မစ္စတာ ပန်ပရီရဲ့ ခရီးစဉ်ဟာ အထူးသဖြင့် နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ တိုက်ပွဲကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ဖို့ မျှော်လင့်ထားတယ်လို့ မစ္စတာ နီကွန်ဒက်က ပြောပါတယ်။

ထိုင်းအစိုးရဟာ ခိုလှုံခွင့်တောင်းနေသူတွေကို အကူအညီပေးအပ်ဖို့ အဆင်သင့်ရှိနေပြီး လိုအပ်လာပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပြန်လည်ပြေလည်ဆောင် ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း မစ္စတာ နီကွန်ဒက်က ပြောပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအပေါ် ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို ထိုင်းနိုင်ငံအတွင်းမှာ ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာ နီကွန်ဒက်က ပြောပါတယ်။

Ref; Bangkokpost


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။