Trending Now

တနိုင်းမြို့ရှိ ပန့်ဆိုင်များ အားလုံးနီးပါး ပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ်

Spread the love

တနိုင်းမြို့ရှိ ပန့်ဆိုင်များ အားလုံးနီးပါး ပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ်

EPN
မြစ်ကြီးနား၊ ဇွန် ၉

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ပန့်ဆိုင်များအားလုံး ပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ် နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တနိုင်းမြို့ရှိ ပန့်ဆီဆိုင်များမှာ ဧပြီလပိုင်းကတည်းက ဓာတ်ဆီသယ်ယူရန် အဆင်မပြေသည့်အတွက် နှစ်လနီးပါး ဆီဆိုင် များပိတ်ထားခဲ့ရာ မေလ ကုန်ခါနီးမှ ပြန်လည် ဖွင့်လှစ်ရောင်းချနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပန့်ဆိုင်များ အားလုံးနီးပါး ပြန်လည်ဖွင့်လှစ်လာသကဲ့သို့ ဓာတ်ဆီဈေးနှုန်းမှာလည်း တစ်ဂါလံ ၁၆၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်သို့ ကျဆင်းလာသည့်အတွက် ပြည်သူများ အဆင်ပြေလာကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ အခုတော့ ပန့်ဆိုင်တွေအားလုံး ပြန်ဖွင့်နေပြီဟုတ်တယ်။ နှစ်ပတ်လောက်ပဲရှိသေးတယ်။ အကုန်လုံးပြန်ဖွင့်တာ။ ဆီဆိုင်တွေ အကုန်ပြန်ဖွင့်လာလို့လား မသိဘူး အခုက ဆီဈေးနှုန်းလည်း နည်းနည်းကျသွားတယ်။ ဓာတ်ဆီ တစ်ဂါလံ ကို ၁၆၀၀၀ ကနေ ၁၄၀၀၀ ထိကျသွားတော့ ကျွန်တော်တို့ ပြည်သူတွေအတွက်ဆင်ပြေတာပေါ့။ ဒီထက်လည်း စျေးပိုကျလာဖို့ မျှော်လင့်ပါတယ်။ အခုက စက်သုံးဆီတွေကို အသုံးပြုပြီးတော့ပဲ ပြည်သူတွေက စားဝတ်နေရေး အတွက် လုပ်ကိုင်သွားလာနေကြတာလေ။ အဲ့တာကြောင့် ဆီတွေဈေးကြီးမယ်၊ ဓာတ်ဆီတွေ ပြတ်လပ်နေရင် ပြည်သူတွေအတွက် အရမ်းဒုက္ခ ရောက်နေရတယ် ” ဟု ၎င်းကဆိုသည်။

ဓာတ်ဆီဆိုင်များ ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်သည့်အတွက် တစ်နေ့လုပ်တစ်နေ့စား ပြည်သူများအတွက်လည်း ယခင်လုပ်နေကြဖြစ်သည့် ဆိုင်ကယ်ဖြင့် ဈေးရောင်းဝယ်မှုများကို ပြန်လည်လုပ်ဆောင်လာနိုင်ကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

“ ကျွန်မတို့တွက်တော့ အခုလိုဆီဆိုင်တွေလည်းပြန်ဖွင့်လာပြီး ဈေးကလည်း နည်းနည်းလေး ပြန်ကျလာတော့ အဆင်ပြေသွားတာပေါ့။ အစက ဈေးလည်းကြီးသလို ပန့်ဆိုင်တွေကလည်း ပိတ်ထားတော့ ဈေးရောင်းတာတောင် မလုပ်နိုင်တော့ပဲ နားထားရတာ။ အခုမှတစ်ပတ်လောက်ပဲရှိသေးတယ်။ ဆိုင်ကယ်နဲ့ဈေးပြန်ရောင်းနိုင်တာ ” ဟု ၎င်းကဆိုသည်။

တနိုင်းမြို့တွင် အဆိုပါ ပန့်ဆီဆိုင်များ ပြန်လည်ဖွင့်လှစ်ထားသော်လည်း မြစ်ကြီးနား-တနိုင်းလမ်းကြား တရားဝင်ဆီ သယ်ကားများကိုသာ ဝင်ခွင့်ပြုထားပြီး တရားမဝင်သည့် ဆီသယ်ကားသေးများကို ပိတ်ပင်ထားဆဲဖြစ်ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။